၂၀၂၅ ခုနှစ် (၄၈)ကြိမ်မြောက် တိုင်းဒေသကြီးနှင့် ပြည်နယ် ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ရန်ကုန် စက်တင်ဘာ ၂၁

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော ၂၀၂၅ ခုနှစ် (၄၈)ကြိမ်မြောက် တိုင်းဒေသကြီးနှင့် ပြည်နယ် ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်း၊ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC)တွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး ဒေါ်မော်မော်သန်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထိန်လင်း၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပရိသတ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် (၄၈)ကြိမ်မြောက် တိုင်းဒေသကြီးနှင့် ပြည်နယ် ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားအားကျင်းပရာ အသက်(၂၁)နှစ်အောက် ကာယဗလပြိုင်ပွဲနှင့် အမျိုးသား(၅၅)ကီလိုကာယဗလပြိုင်ပွဲ၊ အမျိုးသား(၆၀)ကီလို ကာယဗလပြိုင်ပွဲ၊ အမျိုးသား(၆၅)ကီလို ကာယဗလပြိုင်ပွဲ၊ အမျိုးသား(၇၀)ကီလို ကာယဗလပြိုင်ပွဲ၊ အမျိုးသား(၇၅)ကီလို ကာယဗလပြိုင်ပွဲ၊ အမျိုးသား ၇၅)ကီလိုတန်းအထက် ကာယဗလပြိုင်ပွဲ၊ အမျိုးသား Athletic Physique (၁၇၀)စင်တီမီတာ ကာယကြံ့ခိုင်မှုပြိုင်ပွဲ၊ အမျိုးသား Athletic Physique (၁၇၀)စင်တီမီတာအထက် ကာယကြံ့ခိုင်မှုပြိုင်ပွဲ၊ အမျိုးသား Sport Physique (၁၇၀)စင်တီမီတာ ကာယကြံ့ခိုင်မှုပြိုင်ပွဲ၊ အမျိုးသား Sport Physique (၁၇၀)စင်တီမီတာအထက် ကာယကြံ့ခိုင်မှုပြိုင်ပွဲ၊ အမျိုးသား Fitness Physique ကာယကြံ့ခိုင်မှုပြိုင်ပွဲများတွင် ဆုရရှိကြသော အားကစားသမားများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် အမျိုးသမီး Model Physique (၁၆၀)စင်တီမီတာ ကာယကြံ့ခိုင်မှုပြိုင်ပွဲ၊ အမျိုးသမီး Model Physique (၁၆၀)စင်တီမီတာအထက် ကာယကြံ့ခိုင်မှုပြိုင်ပွဲ၊ အမျိုးသမီး Athletic Physique ကာယကြံ့ခိုင်မှုပြိုင်ပွဲ၊ အမျိုးသမီး Fitness Physique ကာယကြံ့ခိုင်မှုပြိုင်ပွဲများတွင် ဆုရရှိခဲ့သည့် အားကစားသမားများအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီး ဝန်ကြီးများ၏ ဇနီးများက တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

၎င်းနောက် စုပေါင်းတံခွန်စိုက်ဒိုင်းရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)