မိုင်းကိုင် စက်တင်ဘာ ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ရှမ်းစာပေနှင့်ယဉ်ကျေးမှု အသင်းဖလား၊ အမျိုးသားအလွတ်တန်း မိုးရာသီဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲ (၂)နာရီက မြို့မအားကစားဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်တင်ဦး၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းဖလား အမျိုးသားအလွတ်တန်း မိုးရာသီဘောလုံး ပြိုင်ပွဲကျင်းပရေးကော်မတီအဖွဲ့ဝင် ဦးစိုင်းပန်တို့က အဖွင့်အမှာစကားပြောကြားပြီး လွိုင်လင်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မိုးမောင်က ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ထံသို့ အားကစားပစ္စည်းများ လွှဲပြောင်းပေးအပ်ကာ အ.ထ.က (မိုင်းကိုင်)မှ ကျောင်းသား၊ ကျောင်းသူများ၏ မြန်မာအားကစားကမ္ဘာကိုလွှမ်းရမည် တေးသရုပ် ဖော်အက၊ ဘင်ခရာ၊ ပန်းဖွားအက၊ ရှမ်းအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
ထို့နောက် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းဖလား အမျိုးသားအလွတ်တန်း မိုးရာသီဘောလုံးပြိုင်ပွဲ ပထမနေ့ပွဲစဉ်အဖြစ် မိုင်းကိုင်လူငယ်(က)အသင်းနှင့် ဟမ်းငိုင်းလူငယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြကာ ပြိုင်ပွဲကို အုပ်စု(၃)အုပ်စု၊ အသင်းပေါင်း (၁၂)သင်းဖြင့် ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး စက်တင်ဘာလ ၂၀ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ချော(မိုင်းကိုင်)