နေပြည်တော်ကောင်စီဥက္ကဋ္ဌ ငလျင်ဘေးပြန်လည်တည်ဆောက်ရေးနှင့် သန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး၊ နေပြည်တော်အတွင်း စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပရေး၊ ဟိုတယ်များ၏ မျက်နှာစာများနှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာရေး ညှိနှိုင်းအစည်းအဝေးတက်ရောက်

နေပြည်တော် စက်တင်ဘာ ၂၁

နေပြည်ဝောာ်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာလ ၁၉ ရက်နေ့ညနေပိုင်းက မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁)သို့ သွားရောက်ပြီး ငလျင်ဘေးကြောင့်ထိခိုက်ပျက်စီးခဲ့မှုများအား ပြန်လည်ပြုပြင်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အပိုင်းလိုက် အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ အရည်အသွေးပြည့်မီသည့်ပစ္စည်းများကိုသာ လုပ်ငန်းခွင်တွင်အသုံးပြုရေး၊ ငလျင်ဒဏ်အပြင် သဘာဝဘေးအန္တရာယ်များ ခံနိုင်ရည်ရှိ‌အောင် သတ်မှတ်စံချိန်၊ စံညွှန်းနှင့်အညီ ဆောင်ရွက်ရေးတို့ကို မှာကြားသည်။

ထို့နောက် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ဒက္ခိဏသီရိမြို့နယ်သို့သွား‌ရောက်ပြီး ရာဇသင်္ဂဟလမ်းမကြီးဘေးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူလူထုများမှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အခြေခံစားသောက်ကုန် ရောင်းချပေးနေမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့သည်။

ယင်းနောက် မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ကျင်းပပြုလုပ်သော ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပရေး၊ ဟိုတယ်များ၏ မျက်နှာစာများနှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အဖွင့်အမှာစကားပြောကြား ပြောကြားခဲ့ပြီး တက်ရောက်လာကြသူများမှ သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြချက်များအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။

အောင်မျိုးဝင်း (ဥတ္တရ)