ကျိုက်ထိုခရိုင်တွင် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း

ကျိုက်ထို စက်တင်ဘာ ၂၁

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၌ အောက်တိုဘာ(၁)ရက်နေ့တွင် ကျရောက်မည့် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံတွင် ကျိုက်ထိုခရိုင်အတွင်းရှိ ရဲတပ်ဖွဲ့ဝင်များမှ ယမန်နေ့ နံနက်ပိုင်းက စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။

အဆိုပါ သွေးလှူဒါန်းနေမှုများအား နယ်မြေခံတပ်နယ်မှ ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး စိန်မင်းထွန်း၊ ကျိုက်ထိုခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်၊ ကျိုက်ထိုခရိုင် ရဲတပ်ဖွဲ့မှ ဒုတိယခရိုင်မှူး ရဲမှူးထွန်းဇော်ဦး၊ ကျိုက်ထိုမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်စွာဦးတို့မှ လိုက်လံကြည့်ရှုအားပေးပြီး သွေးလှူဒါန်းကြသည့် တပ်ဖွဲ့ဝင်များအား အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ကျိုက်ထိုခရိုင် ရဲတပ်ဖွဲ့အနေဖြင့် (၆၁)နှစ်‌မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယခုလအတွင်း ကျိုက်ထိုမြို့ရှိ ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူဘုရား၊ ရွှေဘုံသာဘုရားဝင်း၊ မြို့နယ်ပြည်သူ့ဆေးရုံတို့၌ စုပေါင်းလုပ်အားဒါနပြုလုပ်ခြင်းနှင့် မြို့နယ်ပြည်သူ့ဆေးရုံတွင် ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျိုက်ထို (ပြန်/ဆက်)