မူဆယ် စက်တင်ဘာ ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၂)၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားကို အ.ထ.က(၂)မှ ကျောင်းသား/ ကျောင်းသူများက ပညာဘဏ်တိုက် စာကြည့်တိုက်သို့ သွားကြစို့သီချင်း သီဆို၍ ဖွင့်လှစ်ပေးခဲ့ပါသည်။ ဆက်လက်၍ မူဆယ်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းမင်းက အဖွင့်အမှာစကား ပြောကြားပေးခဲ့ပြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ကေသွယ်ဟန်က ပွဲတော်ပြုလုပ်ရခြင်း၏ ရည်ရွယ် ချက်ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ယင်းနောက် ကျောင်းသား/ ကျောင်းသူများက အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး၊ ပွဲတော်ဖြစ်မြောက်ရေးအတွက် ရှမ်းပြည်နယ်အစိုးရ အဖွဲ့မှ ချီးမြှင့်သည့် ငွေကျပ်(၃၀)သိန်းနှင့် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီမှ ချီးမြှင့်သည့် ငွေကျပ်(၁၉)သိန်းတို့ကို တာဝန်ရှိသူများမှ ချီးမြှင့်ပေးအပ်ခဲ့ကာ စာပေဟောပြောပွဲနှင့် လူငယ်စကားဝိုင်းတို့တွင် ပါဝင်ဆောင်ရွက်ပေးသော စာရေးဆရာများကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌမှ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့် ခဲ့ပါသည်။
ဆက်လက်၍ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ပြိုင်ပွဲအသီးသီးတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အထူးဆုများ ရရှိခဲ့ကြသော ကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ခဲ့ပြီး၊ အထက(၂)မှ ကျောင်းသား/ကျောင်းသူများက မြန်မာ့ကျောင်းသီချင်း သီဆို၍ အခမ်းအနားကို ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)