ပြင်ဦးလွင်မြို့နယ် ကျွဲနွားထောက်ကျေးရွာ “ပညာရောင်ခြည်” စာကြည့်တိုက် အဆောက်အအုံအသစ် ဖွင့်ပွဲကျင်းပ

ပြင်ဦးလွင် စက်တင်ဘာ ၂၁

ကျေးလက်နေပြည်သူများ စာဖတ်ကြစေရန်၊ စာပေဗဟုသုတနှင့်ပြည့်စုံလာစေရန်၊ စာကြည့်တိုက်ကို အသုံးချတတ်လာစေရန်နှင့် စာပေလေ့လာဖတ်ရှုနိုင်သည့် ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးနိုင်စေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဉီးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ ကျွဲနွားထောက်ကျေးရွာတွင် ပညာရောင်ခြည် စာကြည့်တိုက်အဆောက်အအုံအသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက  အဆိုပါ စာကြည့်တိုက်ရှေ့၌  ကျင်းပပြုလုပ်ခဲ့သည်။   

ရှေးဦးစွာ ပညာရောင်ခြည်စာကြည့်တိုက် အဆောက်အအုံအသစ်ကို  ပြင်ဦးလွင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထူး၊ ပြင်ဦးလွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းဦး၊ ပြင်ဦးလွင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးတင်အောင်လွင်၊ ပြင်ဦးလွင်မြို့နယ် မြို့မိ၊ မြို့ဖဥက္ကဋ္ဌ ဦးအောင်မြင်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဌေးမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပညာရောင်ခြည်စာကြည့်တိုက် အဆောက်အအုံအသစ်အား အမွှေးနံ့သာရည်ဖြင့် ပတ်ဖျန်းပေးကြသည်။ 

ဆက်လက်ပြီး  တာဝန်ရှိသူများက ပညာရောင်ခြည် စာကြည့်တိုက်အတွက် စာအုပ်စာစောင်များ ပေးအပ် လှူဒါန်းခဲ့ရာ စာကြည့်တိုက်မှူးမှ လက်ခံရယူပြီး စာကြည့်တိုက်အတွင်း ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုလေ့လာနေမှုနှင့်  စာအုပ်စာစောင်များထားရှိမှုအခြေ အနေများကို ကြည့်ရှုအားပေးခဲ့ပြီး စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြသည်။

အဆိုပါ စာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားသို့ တာဝန်ရှိသူများ၊  ရပ်မိ/ရပ်ဖများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်   ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၂၅၀) ဦးခန့် တက်ရောက်ကြပြီး အခမ်းအနားသို့ တက်ရောက်လာသူများကို အကျွေးအမွေးဖြင့်  ဧည့်ခံခဲ့ကြကြောင်း  သိရသည်။

ခရိုင်(ပြန်/ဆက်)