နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးဇေယျာလင်း ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁၃၈) အခြေခံပညာမူလတန်းလွန်ကျောင်း၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

ဇမ္ဗူသီရိ စက်တင်ဘာ ၂၁

ဇမ္ဗူသီရိမြို့နယ်၊ အောင်ဇမ္ဗူရပ်ကွက်၊ အမှတ်(၁၃၈)အခြေခံပညာမူလတန်းလွန်ကျောင်း၌ နေပြည်တော်ကောင်စီဝင်ဗိုလ်မှူးကြီး ရဲမိုးနှင့် ကောင်စီဝင်ဦးဇေယျာလင်းတို့၏ကြီးကြပ်မှု၊ ပျဉ်းမနားခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေဦးနှင့် အဖွဲ့ဝင်များ၏လမ်းညွှန်မှု၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇေနော်ဝင်းနှင့်အဖွဲ့ဝင် ဗိုလ်မှူးပြည့်ဖြိုးအောင်တို့၏ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုတို့ဖြင့် ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေး တပ်ဖွဲ့ဝင်များက ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ကျောင်းဝန်းအတွင်းရှိ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းနေမှုများနှင့် သန့်ရှင်းရေးဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ကြည့်ရှုအားပေးစဉ် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးနှင့် ကောင်စီဝင် ဦးဇေယျာလင်းတို့က ကျောင်းဝန်းအတွင်းအပြင် စိမ်းလန်းစိုပြည်ပြီး သန့်ရှင်းသာယာလှပရေးကို အမြဲမပြတ်ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေး၊ ရေစီးရေလာကောင်းမွန်စေရေးတို့အတွက် လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးပြုလုပ်ရာနေရာသို့ မြန်မာနိုင်ငံဆန်စပါးကုန်သည်ကြီးများအသင်းမှ ဆန်များ၊ မင်္ဂလာဆီပွဲရုံမှဆီများ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များရောင်းချပေးခဲ့ရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးနှင့်ကောင်စီဝင် ဦးဇေယျာလင်းတို့က လာရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရှိရသည်။

နီလာ (ပြန်/ဆက်)