တာမွေ စက်တင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၌ ၂ဝ၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများ၊ အကောင်းဆုံးကျောင်းထူးချွန်ဆုရ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း မြတ်ပန်းသဇင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် သင်္ဃန်းကျွန်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးထိုက်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပညာရေးမှူး ဆရာမကြီးဒေါ်စုစုခင်က ဆုချီးမြှင့်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်ရာခိုင်နှုန်း အကောင်းဆုံးရရှိသော အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်ပြီး ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် ထူးချွန်ဆုရရှိကြသူများကိုယ်စား ဆုရကျောင်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး တက်ရောက်လာကြသူများက ထူးချွန်ဆုရရှိကြသူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
နိုင်လင်းအောင် (ပြန်/ဆက်)