တိုက်ကြီးမြို့နယ်သမဝါယမအသင်းစု နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

တိုက်ကြီး    စက်တင်ဘာ  ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် မြို့နယ်သမဝါယမအသင်းစု၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးစိန်မြင့်က သဘာပတိအဖြစ် ဆောင်ရွက်၍ အသင်း၏လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားပြီး သမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဥမ္မာမြင့်က သမဝါယမအသင်းမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေများကို ရှင်းလင်းဆွေးနွေးသည်။ ယင်းနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်စိုးက သီးနှံများ၏ ပန်းတိုင်အထွက်နှုန်းရရှိရေး ဆွေးနွေးသည်။

ဆက်လက်၍ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသူအောင်က အခြေခံသမဝါယမ အသင်းများ၏ အစုပေါ်အမြတ်ငွေကျပ် ၅,၁၃၀,၀၀၀ အား အသင်းအမှုဆောင် တစ်ဦးထံ ပေးအပ်ခဲ့ပြီး မြို့နယ်သမဝါယမအသင်းစု ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် အမှုဆောင်အဖွဲ့အစီရင်ခံစာ၊ အသင်းစာရင်းစစ်အစီရင်ခံစာများ ဖတ်ကြားခြင်းနှင့် မြို့နယ် သမဝါယမဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းကို ဖတ်ကြားအတည်ပြုချက် ရယူခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)