ရန်ကုန် စက်တင်ဘာ ၂၁
ပြည်ပပို့ကုန် သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲကို စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာ့ဆန်စပါးသုတေသနခန်းမတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်စု/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တောင်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာ တောင်သူများ၊ စိုက်ပျိုးရေးသွင်းအားစုရောင်းချသည့် အရောင်းကုမ္ပဏီများ၊ အရောင်းဆိုင်များ၊ စိုက်ပျိုးရေးထွက်ကုန်များကို ကုန်သွယ်မှုပြုနေသူများ၊ နိုင်ငံခြားကို တင်ပို့ရောင်းချနေသူများ၊ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများအားလုံး ပူးပေါင်းဆောင်ရွက်မည်ဆိုပါက ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်သည့် စိုက်ပျိုးရေးထုတ်ကုန်များကို ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ကမ္ဘာ့ဈေးကွက်တွင် ဂုဏ်ယူဝင့်ကြွားစွာ ရောင်းချနိုင်မည်ဖြစ်ကာ အောင်မြင်အောင် အားလုံးပူးပေါင်းဆောင်ရွက်ကြရန် စသည်တို့ကို ပြောကြားခဲ့သည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးဇော်လင်းက ဆွေးနွေးပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ကြီးကြပ်မှုနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ထုတ်လုပ်မည့် တိုက်ရိုက်မျိုးစေ့ချကိရိယာ (Drum Seeder)များအကြောင်း ရှင်းလင်းပြသသည်။
ယင်းနောက် တာဝန်ရှိသူများက ပြည်ပပို့ကုန်သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်တိုင်းအထွက်နှုန်းရရှိရေးအတွက် ဆောင်ရွက်ရမည့်အချက်များ၊ အင်းဆက်ဖျက်ပိုးများအား ဘက်စုံကာကွယ်ရေးနည်းလမ်းများ အသုံးပြု၍ ကာကွယ်နှိမ်နင်းနည်းများ၊ သီးနှံရောဂါများအား ဘက်စုံကာကွယ်ရေးနည်းလမ်းများအသုံးပြု၍ ကာကွယ်နှိမ်နင်းနည်းများ၊ သီးနှံဖျက်ပေါင်းပင်များအား ဘက်စုံကာကွယ်ရေးနည်းလမ်းများအသုံးပြု၍ ကာကွယ်နှိမ်နင်းနည်းများ၊ မြေဆီလွှာစီမံခန့်ခွဲမှုနည်းလမ်းများနှင့် ဓာတ်မြေဩဇာ စနစ်တကျ အသုံးပြုနည်းများနှင့် မျိုးကောင်းမျိုးသန့်သုံးစွဲရေးအကြောင်းများကို ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က ပြသထားသည်များကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)