လူထုအခြေပြုဗဟိုဌာန(ဗဟန်း)တွင် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

ဗဟန်း စက်တင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ လူထုအခြေပြုဗဟိုဌာန (ဗဟန်း) ရှိ ဘက်စုံသုံးခန်းမတွင် ယမန်နေ့နံနက် ၁၁ နာရီက စာရေးဆရာ Dr.မောင်အောင် ရေးသားသည့် “စီးပွားရေးလုပ်ငန်းရှင်များအတွက် အားဆေးတစ်ခွက်” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် အယ်ဒီတာချုပ်၊ ဦးသူရဇော် အမိမြေသစ္စာသတင်းဂျာနယ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ စာရေးဆရာ Dr.မောင်အောင် က စီးပွားရေးလုပ်ငန်းရှင်များအတွက်အားဆေး တစ်ခွက် (သို့မဟုတ်) လယ်ယာပို့ကုန် ဦးဆောင်သည့် လုပ်ငန်းပုံစံ၊ စွမ်းဆောင်ရည်ပြည့်ဝသည့်ပို့ကုန် လုပ်ငန်းရှင် ဖြစ်လာစေရေး၊ ကမ္ဘာ့ဝယ်ယူမှုအများဆုံး တရုတ်နိုင်ငံဈေးကွက်သို့ ပိုမိုတင်ပိုနိုင်ရေး၊ တန်ဖိုးမြှင့်သည့် ဂျပန်ဈေးကွက်သို့ ပိုမိုတင်ပို့နိုင်ရေး၊ လူဦးရေအများဆုံးဖြစ်သည့် အိန္ဒိယဈေးကွက် သို့ ပိုမိုတင်ပို့ရေး၊ လက်တွေ့ ပို့ကုန်တင်ပို့မှုလုပ်ငန်းစသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးတင်ပြခဲ့ရာ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များမေးမြန်းဆွေးနွေးခဲ့ကြပြီး စာရေးဆရာ Dr. မောင်အောင်က ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှာ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးနှင့် အရာထမ်းအမှုထမ်းများ၊ အမိမြေသစ္စာသတင်းဂျာနယ် အယ်ဒီတာချုပ်၊ မြို့နယ်စာရေးဆရာအသင်းမှ တာဝန်ရှိသူများ၊ စာပေစိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်သူဟိန်း (မြို့နယ်ပြန်/ဆက်)