တပ်ကုန်း စက်တင်ဘာ ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ ပူးပေါင်းပြီး မြို့နယ်အတွင်းရှိ စာဖတ်ဝါသနာပါသူများနှင့်အတူ စာပေဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရန် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပလျက်ရှိရာ စာရေးဆရာ ကပ္ပတိန်သာစိန် ရေးသားထားသည့် “ဘဝခရီးသွား လူငယ်များသို့ ”စာအုပ်ကို စက်တင်ဘာ ၂၀ ရက် မွန်းလွဲ ၂ နာရီက အဆိုပါဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပသည်။
ထိုစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များဖြစ်ကြသည့် ဦးသိန်းဝင်းမြင့် (မြကျောက်အေးချမ်း)၊ ဒေါ်သင်းသင်းလှိုင်(သင်းသင်းလှိုင်-တပ်ကုန်း)တို့က စာပေဝါသနာပါသူများနှင့်အတူ စာရေးဆရာ ကပ္ပတိန်သာစိန် ရေးသားထားသည့် “ဘဝခရီးသွား လူငယ်များသို့”စာအုပ်တွင် ပါရှိသော လူငယ်သို့အမြင်နှင့်ဘဝမျှော်မှန်းချက် လမ်းကြောင်းရေးဆွဲ နိုင်ပါစေ၊ ဘဝခရီးနှင်ရာတွင် သင်္ဘောမောင်းဥပမာ၊ ကိုယ့်ကမ္ဘာ၊သူ့ကမ္ဘာနှင့်ပတ်ဝန်းကျင်၊ ပညာရှိပညာမဲ့ခွဲခြားပါ၊ မိတ်ကောင်းရှာပါ၊ မူးယစ်ဆေးဝါးအန္တရာယ်များ ရှောင်ရှားနိုင်ပါစေ၊ တစ်ဖက်သားကိုအပြစ်တင်ခြင်းမပြုပါနှင့် စသည့်ခေါင်းစဉ်များ အပြန်အလှန်ဆွေးနွေးခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တပ်ကုန်းမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတများ ရရှိစေရန်အတွက် Online မှ တစ်ဆင့် အသိပညာပေး အစီအစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် စာဖတ်ဝိုင်းများကိုလည်း လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တင်စိုးလွင်