ဗဟန်း စက်တင်ဘာ ၂၁
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံ့ခိုင်မှုအဖွဲ့ချုပ်တို့က ကြီးမှူးကျင်းပသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၁၉ ရက်နေ့ နံနက် ၁၀ နာရီက တာမွေမြို့နယ်၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျိုက္ကဆံဝင်းအတွင်းရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးကျော်ဦး၊ မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှုအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးညီညီ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း၊ ဌာနခွဲများမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အသင်းအုပ်ချုပ်သူများနှင့်နည်းပြများ တက်ရောက်ကြသည်။
ဦးစွာအစည်းအဝေးသို့ တက်ရောက်လာသည့်တိုင်းဒေသကြီးနှင့် ပြည်နယ်များမှအသင်းအုပ်ချုပ်သူများက အသီးသီးမိတ်ဆက်ပြီးနောက် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးကအဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ့အားကစားအောင်နိုင်ရေး၊ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးကို အထောက်အကူဖြစ်စေရေး၊ လူငယ်မျိုးဆက်သစ်ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားသမားများ ပေါ်ထွက်လာစေရေး၊ ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားနည်းကို ပြည်သူများစိတ်ဝင်စားမှု ရှိလာစေရေး၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ လာရောက်ယှဉ်ပြိုင်ကြတဲ့ ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရေးနှင့် မြန်မာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေး အတွက် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း၊ ယခုကျင်းပမည့်ပြိုင်ပွဲတွင် အမျိုးသားတစ်ဦးချင်း (၁၂)တန်း၊ အမျိုးသမီးတစ်ဦးချင်း(၄)တန်း၊ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အသင်း ကျား(၁၃)သင်း၊ မ(၁၃)သင်း၊ အုပ်ချုပ်/နည်းပြအားကစားသမား စုစုပေါင်း(၂၀၄)ဦးခန့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များ အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၏ဒေသန္တရ စည်းကမ်းများအတိုင်း စနစ်တကျလိုက်နာကြရန် လိုအပ်ကြောင်း၊ ပြိုင်ပွဲကျင်းပရာ၌ ဒိုင်လူကြီးများမှလည်း ဘက်လိုက်မှုကင်းရှင်းပြီး သမာသမတ်ရှိစွာဖြင့် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ အတိုင်း တိတိကျကျဆုံးဖြတ် ဆောင်ရွက်ပေးစေလိုကြောင်း၊ ပြိုင်ပွဲတွင် ထူးခြားဖြစ်စဉ်များရှိပြီး အခက်အခဲရှိပါက သက်ဆိုင်ရာတာဝန်ရှိသူများထံ ချက်ခြင်းသတင်းပို့ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံ့ခိုင်မှုအဖွဲ့ချုပ်ဥက္ကဋ္ဌက ပြိုင်ပွဲကျင်းပရေးဆိုင်ရာကိစ္စရပ်များ၊ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများ၊ ပြိုင်ပွဲကျင်းပရာသို့ အားကစားသမားများအချိန်မီရောက်ရှိစေရေး၊ မျိုးဆက်သစ်အားကစားသမားများ ထွက်ပေါ်စေရေး ကိစ္စရပ်များကိုပြောကြားခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာသော တာဝန်ရှိသူများက တည်းခိုနေထိုင်ရေးနှင့်စားသောက်မှုကိစ္စရပ်များ၊ ဆေးအကာအကွယ်ပေးနိုင်ရေးကိစ္စရပ်များ၊ မော်တော်ယာဉ်ကြို/ပို့ရေးကိစ္စရပ်များ၊ ဆုချီးမြှင့်ရေးကိစ္စရပ်များ၊ ယှဉ်ပြိုင်မည့် ပြိုင်ပွဲတီးလုံးပေးပို့ရေးကိစ္စရပ်များနှင့် အခြားလိုအပ်ချက်များအား အသီးသီးတင်ပြဆွေးနွေးခဲ့ကြရာ ဒုတိယညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)