တာချီလိတ်မြို့၌ (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းခြင်းနှင့် သန့်ရှင်းရေးဆောင်ရွက်

တာချီလိတ်   စက်တင်ဘာ   ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၌ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တာချီလိတ် ခရိုင်အတွင်းရှိ ရဲတပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ စုပေါင်းသွေးလှူဒါန်းခြင်းနှင့် စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ခြင်းကို  စက်တင်ဘာ ၂၀ ရက်နေ့နံနက်ပိုင်းက ခရိုင်ပြည်သူ့ ဆေးရုံကြီးတွင် ပြုလုပ်သည်။

ရှေးဦးစွာ စုပေါင်းသွေးလှူဒါန်းပွဲသို့ ခရိုင်ရဲတပ်ဖွဲမှူး ဒုတိယရဲမှူးကြီး နေမျိုး အနီးကပ်ကြီးကြပ်မှုဖြင့် တာချီလိတ်ခရိုင်ရဲ တပ်ဖွဲ့မှူးရုံးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များစုပေါင်းပြီး အရာရှိ ၁၆ ဦး၊ အခြားအဆင့် ၃၆ ဦးနှင့် မိသားစုဝင် ၁၂ ဦး စုစုပေါင်း ၆၄ ဦး စုပေါင်းသွေးလှူဒါန်းခဲ့ရာ အထွေထွေရောဂါကုပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ဦးဝင်းနိုင်နှင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက လိုအပ်သည်များ ဖြည့်ဆည်းပေးခဲ့ပြီး တာချီလိတ်တပ်နယ်မှ ဗိုလ်မှူးကြီး ကျော်မင်းထွန်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုံနှင့်အဖွဲ့ဝင်များ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး နေမျိုး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာမျိုးနှင့် တာဝန်ရှိသူများက သွေးလှူရှင်များ အားအင်ပြန်လည်ပြည့်ဖြိုးရေးအတွက် နို့၊ ကြည်ဥ၊ ငှက်ပျောသီး၊ ရိုင်ရယ်ဒီ အချိုရည်နှင့် ဓာတ်ဆားများ ပေးဝေခဲ့ကြသည်။

ထို့နောက် ခရိုင်ရဲတပ်ဖွဲမှူး ဒုတိယရဲမှူးကြီး နေမျိုး ဦးဆောင်သော ခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ နယ်မြေခံ တပ်မတော်သားများ၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ ပြည်သူ့စစ်အဖွဲ့ဝင်များ၊ လူမှုကူညီရေး အသင်းအဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများက ပြည်သူ့ဆေးရုံကြီးဝင်းအတွင်းရှိ သစ်ပင် ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ပေါင်းမြက်များ၊ သွေးလွန်တုပ်ကွေးရောဂါကြိုတင် ကာကွယ်ရေးအတွက် ရေမြောင်းများအတွင်း ပိတ်ဆို့နေသော အမှိုက်များ၊ ရေဝပ်ရေကျန်များ ဆယ်ယူရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)