အခြေခံပညာ ဆရာ၊ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ်(၁၁၀) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

ဗဟန်း စက်တင်ဘာ ၂၁

အခြေခံပညာ ဆရာ၊ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ်(၁၁၀)၏ သင်တန်းဆင်းပွဲအခမ်းအနားကို စက်တင်ဘာ ၁၉ ရက်နေ့က ကျင်းပခဲ့ရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းဦး(ကိုယ်စား) အဖွဲ့ဝင် ဦးစိုးတင့်၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နိုင်ငံ့ဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်) မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ်သင်ကြား၊ စီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင်ဦးစိုးတင့်က သင်တန်းဆင်းအမှာစကားပြောကြားရာတွင် နိုင်ငံ့ဝန်ထမ်း ဆရာ၊ ဆရာမများ၏ စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ပြီး သက်ဆိုင်ရာ လုပ်ငန်းခွင်တွင် လက်တွေ့အသုံးချနိုင်သော ဗဟုသုတနှင့် အတွေ့အကြုံများ တိုးပွားလာစေရန်၊ အရည်အသွေး ပြည့်ဝပြီး ယုံကြည်ချက်၊ ခံယူချက် စိတ်နေစိတ်ထားများ ပိုမိုကောင်းမွန်လာစေရန်ရည်ရွယ်၍ လေ့ကျင့်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊  မိမိတို့၏တပည့်များကို နှလုံးရည်၊ ပညာရည်ပြည့်ဝကာ ကိုယ်ကျင့်တရားကောင်းမွန်ပြီး လိမ္မာယဉ်ကျေးသည့် နိုင်ငံ့သားကောင်းများ ဖြစ်လာစေရေးနှင့် မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ရှိစေရေးတို့ကို သွန်သင်ဆုံးမကြစေလိုကြောင်း၊ ပညာရေးသည် တစ်ဦးတစ်ယောက် အတွက်သာ လိုအပ်အရေးပါခြင်းမဟုတ်ဘဲ လူ့ပတ်ဝန်းကျင်တည်ဆောက်ခြင်းနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အပိုင်းတွင်လည်း အဓိကအခန်းကဏ္ဍမှ ပါဝင်နေပါကြောင်း၊ ပညာသည် အမှားအမှန်၊ အကောင်းအဆိုး၊ အကြောင်းအကျိုးကို  သိရှိနားလည်ပြီး စဉ်းစားတွေးခေါ် ဝေဖန်ပိုင်းခြားနိုင်သည့် “အသိဉာဏ်” ဖြစ်၍ နိုင်ငံသားတိုင်း အသိဉာဏ်ပညာ ပြည့်စုံကြမှသာ နိုင်ငံ့အကျိုး သယ်ပိုးနိုင်သည့် စစ်မှန်သည့် အင်အားတစ်ရပ်ကို ထူထောင်နိုင်မည်ဖြစ်ကြောင်း၊ ပညာရေးနှင့် နိုင်ငံတော် တိုးတက်ရေးကို “အမျိုးသားရေးတာဝန်တစ်ရပ်” အနေဖြင့် သစ္စာရှိရှိ၊ တာဝန်ကျေကျေ ထမ်းဆောင်နေကြသည့် ဆရာ၊ဆရာမများကိုလည်း ဂုဏ်ယူအသိအမှတ်ပြုပါ ကြောင်းနှင့် နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆)ချက်ကို ဦးထိပ်ပန်ဆင်ပြီး နိုင်ငံတော်နှင့် ပြည်သူ့အကျိုး ရှေးရှုဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။ ထို့နောက် သင်တန်းထူးချွန်ဆု ရရှိသူများအား ဆုများချီးမြှင့်ပြီး သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ခဲ့သည်။

အခြေခံပညာ ဆရာ၊ဆရာမများ အထူးမွမ်းမံသင်တန်း၊အမှတ်စဉ်(၁၁၀)သို့ သင်တန်းသား(၃၂)ဦး၊ သင်တန်းသူ(၃၆၂)ဦး၊ စုစုပေါင်း(၃၉၄)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ၁၈--၂၀၂၅  ရက်နေ့မှ ၁၉--၂၀၂၅  ရက်နေ့ထိဖြစ်ကြောင်း သိရသည်။

အဖွဲ့ဝင်ဦးစိုးတင့်သည် တက္ကသိုလ်အတွင်း ဖွင့်လှစ်လျက်ရှိသော သင်တန်းများ၏ သင်ကြားပို့ချ လေ့ကျင့်နေမှုများနှင့် စိုက်ပျိုးထားသော ရာသီသီးနှံစိုက်ခင်းများကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ တက္ကသိုလ်၏ စီမံရေး၊ သင်ကြားရေးဆိုင်ရာများနှင့် ပတ်သက်၍ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)