တောင်ကြီးမြို့၌ “စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်” ဆုချီးမြှင့်ပွဲကျင်းပ

တောင်ကြီး စက်တင်ဘာ ၂၁

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် “စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်” ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီအချိန်တွင် အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်တာဝန်ရှိသူများ၊ မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာ/ဆရာမကြီးများ၊ ရှမ်းပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ဆုရကျောင်းသား/ကျောင်းသူများ၊ ဧည့်သည်တော်များ တက်‌ရောက်ခဲ့သည်။

ရှေးဦးစွာ ရှမ်းပြည်နယ် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီးဦးမင်းမင်းလွင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့‌နောက် အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ကောက်စိုက်ချိန်”၊ “ရိုးရာမပျက်တဲ့မြေ” သီချင်းများဖြင့်လည်းကောင်း သရုပ်ဖော်တင်ဆက်ခဲ့ကြပြီး ပြည်နယ်လူမှုရေးရာဝန်ကြီးက ပြိုင်ပွဲတွင်ပါဝင်ကူညီခဲ့သည့် စာပေပညာရှင်များ၊ အကဲဖြတ်ဒိုင်များအား အမှတ်တရလက်ဆောင်များကိုလည်းကောင်း၊ စာစီစာကုံးပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအားလည်းကောင်း ဆုများအသီးသီး‌ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ကျပန်းစကားပြောပြိုင်ပွဲ၊ စကားရည်လုပြိုင်ပွဲ၊ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲများတွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြပြီး ဆုရကျောင်းသား၊ ကျောင်းသူများက ပြန်လည်သရုပ်ပြတင်ဆက်ခဲ့ကြသည်။ ထို့နောက် အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူများက "ပညာဘဏ်တိုက်၊ စာကြည့်တိုက်" သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရှိရသည်။

ကျော်ဇင် (ပြည်နယ်၊ ပြန်/ဆက်)