ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဘုရား တောင်တက်မော်တော်ယာဉ်များအား ကြံ့ခိုင်မှုရှိ/မရှိစစ်ဆေး

ကျိုက်ထို စက်တင်ဘာ

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆံတော်ရှင်ကျိုက်ထီးရိုးဘုရားပွဲတော်ဖွင့်ပွဲအား သီတင်းကျွတ်လပြည့်‌နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် ကျိုက်ထီးရိုးဘုရားသို့ ပို့ဆောင်ပေးမည့် တောင်တက်မော်တော်ယာဉ်များအား ကြံ့ခိုင်မှုရှိ/မရှိ စစ်ဆေးမှုကို ယမန်နေ့နံနက်ပိုင်းတွင် ဘုရားသုံးဆူထိုင်တော်မူဘုရားတောင်‌ခြေ၌ ပြုလုပ်ခဲ့သည်။

ယင်းသို့ပြုလုပ်ရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံ‌စောလှိုင်နှင့် အဖွဲ့ဝင်များ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦးတင့်လွင်နှင့်အဖွဲ့ဝင်များ၊ တောင်တက်မော်တော်ယာဉ်အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်နှင့်အဖွဲ့ဝင်များတို့မှ တွေ့ဆုံညှိနှိုင်းပြီး ဘုရားဖူးပြည်သူများ အန္တရာယ်ကင်းရှင်းစွာဖြင့် စိတ်ချမ်းသာစွာ ဖူးမြော်နိုင်ရန် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်ကြံ့ခိုင်မှုစစ်ဆေးခြင်းကို သထုံခရိုင် ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာနမှ စိစစ်‌ရေးမှူး(၂) ဦးဟန်ဝင်းထွဋ်၊ ကျိုက်ထိုမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ရဲအုပ်ထွန်းလွင်ဦးတို့မှ တောင်တက်မော်တော်ယာဉ် (၁၅၂)စီးအား စတီယာတိုင်၊ အင်ဂျင်ပါဝါ၊ တာယာ၊ ရှေ့မီး၊ နောက်မီး၊ ဘရိတ်မီး၊ မော်တော်ယာဉ်ကြမ်းခင်း၊ ခရီးသည်များ သက်တောင့်သက်သာထိုင်စီးနိုင်ရန် ထိုင်ခုံများအား အသေးစိတ်စစ်ဆေးခဲ့ကြောင်း သိရသည်။

ကျိုက်ထို (ပြန်/ဆက်)