နမ့်စန်(တ) စက်တင်ဘာ ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ် အမှတ်(၅)ကျေးရွာအုပ်စုရှိ အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း-ခွဲ(လေတပ်)တွင် ဘင်ခရာ သင်တန်းဆင်းပွဲ အခမ်းအနားကို စက်တင်ဘာ ၂၀ ရက်နေ့ နံနက် ၉ နာရီခွဲက ကျင်းပ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဦးစွာ နမ့်စန်ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျမူးက သင်တန်းဆင်း အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်မင်းက ဘင်ခရာသင်တန်းဆင်းပွဲနှင့် ပတ်သက်၍ အမှာစကားပြောကြားခဲ့ပြီး ဘင်ခရာသင်တန်းနည်းပြ ဦးအလက်ဇန္ဒားက ဘင်ခရာသင်တန်းဖွင့်လှစ်ပို့ချခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ နမ့်စန်ခရိုင်ပညာရေးမှူးရုံးမှလက်ထောက်ညွှန်ကြားရေးမှူး ဦးကျမူး၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်မင်း၊ အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်း ကျောင်း-ခွဲ (လေတပ်)ကျောင်းအုပ်ကြီး ဒေါ်သီတာဝင်းနှင့် တာဝန်ရှိသူများက အလှူရှင် ဂုဏ်ပြု မှတ်တမ်းများပေးအပ်ခြင်း၊ စံပြသင်တန်းသားဆုနှင့် တီးမှုတ်ဘာသာရပ်များတွင် ထူးချွန်ဆုရရှိသူများကို ဆုချီးမြှင့်ခြင်း၊ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခြင်းနှင့် ဘင်ခရာနည်းပြဆရာများကို ဂုဏ်ပြုမှတ်တမ်းနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ခြင်း တို့ကို ဆောင်ရွက်ခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူအသီးသီးက လက်ခံရယူခဲ့သည်။
ထို့နောက် ဘင်ခရာသင်တန်းသားသင်တန်းသူများက ဂီတစွမ်းရည်များကို ဘာသာရပ်အလိုက် သီဆိုတီးမှုတ်ကပြခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။
အဆိုပါဘင်ခရာသင်တန်းကို ဩဂုတ်လ (၁၈)ရက်တွင် စတင်ဖွင့်လှစ် သင်ကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၅၅)ဦးတက်ရောက် သင်ကြားခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)