ကော့မှူးမြို့တွင် လူကုန်ကူးမှုတိုက်ဖျက်ရေးအသိပညာပေး ဟောပြော

ကော့မှူး စက်တင်ဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Commuinty Centre)ခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေးဟောပြောပွဲအား ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင်‌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်နှင့် ဒုတိယဦးစီးမှူး ဦးထက်မြက်သူတို့က‌ ပြောကြားရာတွင် လက်ရှိကမ္ဘာပေါ်တွင် ဖြစ်‌ပေါ်နေသည့် လူကုန်ကူးမှုဆိုင်ရာဖြစ်စဉ်များ၊ ရှောင်ရှားရမည့်အချက်များ၊ လူကုန်ကူးခြင်းသည် လူအခွင့်အရေးချိုးဖောက်မှုနှင့် လူသားချင်းဆိုင်ရာ ဂုဏ်သိက္ခာကိုထိခိုက်စေသည်ဟု သတ်မှတ်ကြောင်း၊ လူကုန်ကူးမှုဆိုသည့်အဓိပ္ပါယ်ကို အကြမ်းဖျင်းရှင်းလင်းချက်မှာ မိမိအကျိုးစီးပွားတစ်ခုအတွက် လူသားများ၏ ကိုယ်ကာယလုပ်အားကို လူသားအချင်းချင်း ခေါင်းပုံဖြတ်အမြတ်ထုတ်ရယူခြင်းနှင့် လူကုန်ကူးခံရသောအလုပ်သမားများအား အတင်းအကျပ်ထိန်းချုပ်ကာ လုပ်အားခမပေးဘဲ အနည်းငယ်မျှသာပေး၍ အလုပ်ခိုင်းစေခြင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရမည့်အချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ လူကုန်ကူးမှုဖြစ်ပွားလာပါက ဆက်သွယ်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သိရှိနားလည်စေရန်နှင့် ဟောပြောပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား/ကျောင်းသူများ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာနေကြကြောင်း သိရသည်။

ကျော်သူရ(ကော့မှူး)