ရန်ကုန် စက်တင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ သီတဂူဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)၏ သီတဂူစက္ခုဒါနအဆင့်မြင့် ဆေးရုံကြီးတွင် အနယ်နယ်အရပ်ရပ်မှ မျက်စိဝေဒနာရှင်များအား (အခမဲ့) ကုသပေးလျက်ရှိရာ ယခု(၁၄)ကြိမ်မြောက်အဖြစ် ၂၂၀၀ ဦးခန့် လာရောက်ပြသသည်။
ထိုသို့ လာရောက်ပြသလျက်ရှိရာသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက သွားရောက်ခဲ့ပြီး နိုင်ငံတော် ဩဝါဒ စရိယ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ၊ ရွှေကျင်သာသနာပိုင်၊ အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ မဟာဓမ္မ ကထိကဗဟုဇနဟိတဓရ၊ သာသနဓဇဓမ္မာစရိယ၊ အဂ္ဂမဟာမင်္ဂလဓမ္မ ဇောတိကဓဇ၊ ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ သီတဂူဆရာတော်ကြီးအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများနှင့် မျက်စိ ဝေဒနာရှင်များအားအခမဲ့ စမ်းသပ်ခွဲစိတ်ကုသပေးရာတွင် လိုအပ်သည့်နေရာများ၌ အသုံးပြုနိုင်ရေး အလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့သည် ဆေးကုသရန် ရောက်ရှိလာသည့် လူနာများကို ကြည့်ရှု၍ အားပေးစကားများ ပြောကြားကြသည်။
ထို့သို့ လာရောက်ပြသသည့်လူနာများကို ဖြစ်ပွားသည့်ရောဂါများအလိုက် မျက်စိအထူးကု ဆရာဝန်ကြီးများက စမ်းသပ်စစ်ဆေးကုသပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့သည် လှိုင်သာယာမြို့နယ်၊ ရန်ကုန် - ပုသိမ်လမ်းတစ်လျှောက် ရေစီးရေလာ ကောင်းမွန်ရေးအတွက် နဝဒေးဥယျာဉ်အိမ်ရာရှေ့တွင် စက် ယန္တရားများဖြင့် အမှိုက်များနှင့် နုန်းများ ဆယ်ယူရှင်းလင်းနေမှုနှင့် တံတားတည်ဆောက်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှုများအားလည်းကောင်း၊ ရန်ကုန်- ပုသိမ်းလမ်းနှင့် တေးဥယျာဉ်လမ်း ထောင့်တွင် ဇလားပုံအုတ်ရေမြောင်း ဆောင်ရွက်နေမှုအား လည်းကောင်း၊ ရန်ကုန် - ပုသိမ်း လမ်းဖြတ် သောင်းကြားချောင်းတံတား တိုးချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား လည်းကောင်း၊ တပင်ရွှေးထီးလမ်းတစ်လျှောက် ရေစီးရေလာကောင်းမွန်ရေးနှင့် လမ်းပုခုံးမြေညှိခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား လည်းကောင်း၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၄)လမ်း တစ်လျှောက် လမ်း တိုးချဲနေမှုအားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုပ်ငန်းများအား အချိန်တို အတွင်းပြီးစီးရေးနှင့် သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်း ကိုက်ညီစွာဖြင့် ပြီးစီးအောင် ဆောင်ရွက်ရန်စသည်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)