မိုးညှင်း စက်တင်ဘာ ၂၀
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် သာယာကုန်းခေတ်မီစံပြကျေးရွာတွင် ဖွင့်လှစ်သည့် ကျေးရွာစွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ်၊ မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှု လျော့နည်းစေရေး အသိ ပညာပေး ဟောပြောပွဲကို ယနေ့ နံနက် (၁၀) နာရီက အဆိုပါ ကျေးရွာဘက်စုံသုံးခန်းမ၌ ကျင်းပသည်။
အဆိုပါ ဟောပြောပွဲတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွန်းထွန်းဝင်းက ကျေးရွာစွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ်၊ မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှု လျော့နည်းစေရေးနှင့် ပတ်သက်၍ အမှာစကား ပြောကြားပြီး မြို့နယ်ဦးစီးမှူး ဦးဌေးမြင့်က ခေတ်မီစံပြကျေးရွာ အင်္ဂါရပ်နှင့်အညီ ကျေးရွာသန့်ရှင်း သာယာလှပစေရေးအတွက် စွန့်ပစ်အမှိုက်များ စီမံခန့်ခွဲရေးစနစ်အား ကျင့်သုံးဆောင်ရွက်တတ်စေရန်နှင့် လေထုညစ်ညမ်းမှု အန္တရာယ်များမှ ကင်းဝေးပြီး ကျန်းမာသန့်ရှင်း၍ ဘေးကင်းလုံခြုံသော လူနေမှုပတ်ဝန်းကျင် ဖန်တီးနိုင်စေရန် စသည်တို့ကို ဟောပြောသည်။
ထို့နောက် သက်ဆိုင်ရာတာဝန်ရှိသူများက သဘာဝပတ်ဝန်းကျင်နှင့်ဆိုင်သော ညစ်ညမ်းမှုများ ဖြစ်ပေါ်စေတတ်သည့် အကြောင်းအရာများ၊ စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးပြုခြင်း နည်းလမ်းများနှင့် မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှု လျော့နည်းစေရေးအတွက် ဆောင်ရန် ရှောင်ရန်အချက်များကို တက်ရောက်လာကြသည့် ကျေးရွာစီမံကိန်းကော်မတီဝင်များနှင့် ကျေးရွာသူ ကျေးရွာသားများအား ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် ပါဝါပွိုင့်ဖြင့် ဆွေးနွေး ပြောကြားပြီးနောက် အသိပညာပေး ဗီဒီယိုဖိုင်ကလစ်ကို ပြသခဲ့ကြောင်း သိရသည်။
ရွှေမိုးညှင်း