တောင်ဥက္ကလာပမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများ ဆက်လက်ပြုလုပ်

တောင်ဥက္ကလာ စက်တင်ဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၁၅)ရပ်ကွက် ​​သာသနာ့မဂ္ဂဓမ္မာရုံတွင် ဆက်လက်ပြုလုပ်ခဲ့သည်။

ရှေးဦးစွာအသိပညာပေးရှင်းလင်းပွဲတွင် တောင်ဥက္ကလာပမြို့နယ် အထက်တန်းပြဆရာမ ဒေါ်မိုးမိုးအေးက မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မြန်မာအီလက်ထရောနစ်(MEVM) မဲပေးစက်အသုံးပြု၍ မဲပေးပုံအဆင့်ဆင့်ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး ရည်ရွယ်၍ အသိပညာပေးဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ ပြောင်းလဲကျင့်သုံးမည့် ရွေးကောက်ပွဲစနစ်၊ မဲပေးသည့်ပုံစံနှင့် ရွေးကောက်ပွဲကျင်းပမည့်ပုံစံ(အပိုင်းလိုက်)တို့ကို ရှင်းလင်းပြောကြားပြီး  မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အကြောင်းသိကောင်းစရာများ၊ ၎င်းစက်အသုံးပြု၍ မဲပေးခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ဒေသခံပြည်သူများအား မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်း၊ မဲပေးစက်မှထုတ်ပေးသည့် မဲရလဒ်စာရွက်နှင့် မဲပုံးအတွင်းရှိ မဲလက်မှတ်များကို တိုက်ဆိုင်စစ်ဆေး၍ မဲရလဒ် မှန်၊ မမှန် စိစစ်ခြင်းစသည့် မဲပေးပုံအဆင့်ဆင့်ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူများနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သက်မင်းဟန်(ပြန်/ဆက်)