ဗိုလ်တထောင် စက်တင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို စက်တင်ဘာလ ၁၈ ရက်နေ့ နေ့လယ် (၁)နာရီခွဲအချိန်က အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို ပထမပိုင်းနှင့် ဒုတိယပိုင်းနှစ်ပိုင်းခွဲ ကျင်းပရာ ပထမပိုင်းအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်က အဖွင့်အမှာစကားပြောကြားခြင်း၊ စာရေးဆရာမ မေ(ရန်ကုန်)က လေးစားခြင်းနှင့် စာဖတ်ခြင်း ခေါင်းစဥ်ဖြင့် ဟောပြောခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဝင်းကြည်က စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ပြုလုပ်ရခြင်းရည်ရွယ်ချက် ပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်မြတ်လေးနွယ်က အားကစားပြုလုပ်ရခြင်း အကျိုးကျေးဇူးများအကြောင်း ဟောပြောခြင်း၊ မြို့နယ်တိုင်းရင်းဆေးကုဌာန တိုင်းရင်းဆေးမှူး ဒေါ်အေးချမ်းမိုးက ဆေးဖက်ဝင်သစ်ပင်များအကြောင်းဟောပြောပြီး အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါက်တာဇင်မာဝင်းက ကျေးဇူးတင်စကားပြောကြားကာ တိုင်းရင်းဆေးမှူး ဒေါ်အေးချမ်းမိုးက ကျောင်းအတွက် တိုင်းရင်းဆေးများ ကျောင်းအုပ်ဆရာမကြီးထံ လှူဒါန်းခဲ့ပြီး ပထမပိုင်းအခမ်းအနားပြီးမြောက်ကြောင်း သိရသည်။
ထို့နောက်ပြိုင်ပွဲများ ဆက်လက်ကျင်းပရာ ပုံပြင်ပြောပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၁၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဥာဏ်စွမ်းပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၁၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ပုံပြင်ပြောပြိုင်ပွဲ၊ ဉာဏ်စွမ်းရည်ပြိုင်ပွဲများအပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာပေးနံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲများကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူကလေးငယ်များမှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြပြီး မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးအခမဲ့စမ်းသပ်ဆေးကုသမှုများ ပေးအပ်ခဲ့သည်။ ဆက်လက်၍ ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုပေးပွဲကျင်းပရာ တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်၊ မြို့နယ်ရဲမှူးကြည်ဇင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ တိုင်းရင်းဆေးမှူး ဒေါ်အေးချမ်းမိုး၊ မြို့နယ်အားကစားမှူး ဒေါ်မြတ်လေးနွယ်၊ စာရေးဆရာမမေ(ရန်ကုန်)၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြပြီး ဆုရကျောင်းသား၊ ကျောင်းသူများနှင့် အမှတ်တရစုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြပြီး အခမ်းအနားကို ညနေ (၄)နာရီအချိန်တွင် ပြီးမြောက်ကြောင်း သတင်းရရှိသည်။
ခင်ဝင်း(ပြန်/ဆက်)