ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးမှ (Light Urban Search and Rescue Team- Group-A) အတွက် ရှာဖွေကယ်ဆယ်ရေးဝတ်စုံများ ပေးအပ်ပွဲ ကျင်းပ

ရန်ကုန် စက်တင်ဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးမှ (Light Urban Search and Rescue Team- Group-A) တပ်ဖွဲ့ဝင် (၂၀) ဦးအတွက် ရှာဖွေကယ်ဆယ်ရေး ဝတ်စုံများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်ရှိ အဆိုပါ ဦးစီးမှူးရုံး၌ ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမင်းစမ်းအေးနှင့် အရာရှိများ၊ ခရိုင်မီးသတ်ဦးစီးမှူးများ၊ မြို့နယ်မီးသတ် ဦးစီးမှူးများနှင့် ဖွဲ့စည်းထားရှိသည့် မြို့ပြရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။ ဦးစွာ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမင်းစမ်းအေးမှ မီးသတ်တပ်ဖွဲ့ဝင်များသည် ပရဟိတ အခြေခံစိတ်ဓါတ်၊ ကူညီကယ်ဆယ် လိုသည့်စိတ်ဓါတ်၊ ခိုင်မာပြတ်သားရဲဝံ့စွန့်စား လိုသည့် စိတ်ဓါတ်၊ ပြည်သူကို ကူညီကယ်ဆယ်ရန် မိမိတို့တွင် တာဝန်ရှိသည်ဟုသော ခံယူချက်များနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြစ်ပွားနိုင်သည့် သဘာဝဘေးအန္တရာယ်များကို အချိန်နှင့် တပြေးညီ တုံ့ပြန်ဆောင်ရွက်ရမည်ဖြစ်ပြီး အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဖြစ်ပွားပေါ်ပေါက်လာပါကလည်း သွားရောက်ကူညီကယ်ဆယ်နိုင်ရေးအတွက် မျှော်မှန်း တွက်ဆ၍ ဆောင်ရွက်သွားကြရန်နှင့် စက်တင်ဘာ ၁၅ ရက်နေ့မှ အောက်တိုဘာ ၁၀ ရက်နေ့ထိ တောင်ဥက္ကလာပမြို့နယ် မီးသတ်စခန်း၌ စခန်းသွင်းလေ့ကျင့်လျက်ရှိသော မြို့ပြရှာဖွေ ကယ်ဆယ်ရေး (Light Urban Search and Rescue Team- Group B) ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင် (၂၀) ဦးအတွက် ရှာဖွေကယ်ဆယ်ရေးဝတ်စုံများကို ဆက်လက်ထောက်ပံ့ နိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားပြီး မြို့ပြရှာဖွေကယ်ဆယ် (Light Urban Search and Rescue Team- Group-A) တပ်ဖွဲ့ဝင် (၂၀) ဦးအတွက် ရှာဖွေကယ်ဆယ်ရေးဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရသည်။

ကျော်ဆန်းမြင့် (ပြန်/ဆက်)