ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိပညာပေးဆွေးနွေး

ဒဂုံအရှေ့ စက်တင်ဘာ ၂၀

အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရုံနှင့်အလုပ်သမားစစ်‌ဆေးရေးဦးစီးဌာန၊ ဒဂုံမြို့သစ်ခရိုင်ရုံးမှ သင်ထောက်ကူမော်တော်ယာဉ်ဖြင့် အလုပ် သမားများ၏ ဥပ‌‌ဒေပါ ရပိုင်ခွင့်များဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းမှစတင်ကာ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အရှေ့ဒဂုံ စက်မှုဇုန်ရှိ Sanyuan Overseas အထည်ချုပ်စက်ရုံ၊Jinxin Technology Co,ltd လျှပ်စစ်ပစ္စည်းစက်ရုံ၊ (၁၀၉)ရပ်ကွက်ရှိ Bcc Jewelry Mfg ဖန်စီပစ္စည်းစက်ရုံ၊  Myanmar Bangqi Leather Good Co,Ltd  အိတ်ချုပ်စက်ရုံတို့တွင်‌ ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ကိစ္စရပ်များနှင့်အလုပ်သမားများ၏ ဥပဒေပါရပိုင်ခွင့်များဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲတွင် အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ဒဂုံမြို့သစ်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းအောင်ကျော်၊ ဦးစီးအရာရှိ ဦး‌အောင်မြတ်သူတို့က အလုပ်ရှင်နှင့်အလုပ်သမားတို့အား အလုပ်သမားများ၏ဥပဒေပါ ရပိုင်ခွင့်များဖြစ်သော အလုပ်ချိန်၊ နားချိန်၊ နားရက်၊ အချိန်ပို၊ ခွင့်ရက်၊ အလုပ်ပိတ်ရက်၊ လုပ်ခလစာ၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ၊သက်သာချောင်ချိရေးဆိုင်ရာ ကိစ္စရပ်များသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ဒဂုံမြို့သစ်ခရိုင်ရုံးအနေဖြင့် အသိပညာပေးဆွေးနွေးခြင်းအားဖြင့် အလုပ်ရှင်နှင့်အလုပ်သမားများ အလုပ်သမားဥပဒေများကို ပိုမိုသိရှိနားလည်ပြီး လုပ်ငန်းခွင်အေးချမ်းသာယာ၍ ကုန်ထုတ်လုပ်မှု စွမ်းအားများမြင့်မားကာ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများကို များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။

အေးမဉ္ဇူ