ဒဂုံအရှေ့ စက်တင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဟောပြောပွဲ၊ လူငယ်စကားဝိုင်း၊ ပြပွဲ၊ ပြိုင်ပွဲနှင့် ဂိမ်းကစားနည်းပြိုင်ပွဲများကို ယနေ့နံနက် (၁၀)နာရီအချိန်၌ အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်း စံပယ်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမဉ္ဇူက စာဖတ်ရှိန်မြှင့်တင်ရေးပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အားပြောကြားပြီး၊ မြို့နယ်စာရေးဆရာ အသင်းဥက္ကဋ္ဌ ဒေါ်မြကြေးမုံ(ရတနာဆောင်)က စာဖတ်ခြင်းအကျိုးကျေးဇူးအကြောင်း ဟောပြော ခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမဉ္ဇူနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမဒေါ်ယုယုခိုင်တို့က ဦးဆောင်ဆွေးနွေးပြီး အမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက လူငယ်နှင့် စာပေ၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်နည်းပညာစသည့် ခေါင်းစဥ်များဖြင့် ပါဝင်ဆွေးနွေးပြီး တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဂိမ်းကစားနည်းများကို ဆက်လက်ကျင်းပရာ ကျောင်းသား၊ ကျောင်းသူလေးများမှ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး ဆုရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် သုတ၊ ရသစာအုပ်များ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အေးမဉ္ဇူ