ဒဂုံတောင် စက်တင်ဘာ ၂၀
မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်း အသိပညာပေးရှင်းလင်းခြင်းနှင့် မဲပေးစက်လက်တွေ့သရုပ်ပြမဲပေးခြင်းကို တာဝန်ရှိသူများက ယမန်နေ့နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ (၁၄၆)ရပ်ကွက် အောင်မြင့်မိုရ်အိမ်ရာဓမ္မာရုံတွင် ဆောင်ရွက်ကြကြောင်း သိရသည်။
ရှေးဦးစွာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ စည်ပင်သာအုပ်ရေးမှူးရုံး၊ ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ထွန်းနှင့် နည်းပြ ဆရာ၊ ဆရာမ(၁၀)ဦးတို့က မြန်မာအီလက်ထရောနစ်(MEVM) မဲပေးစက်အသုံးပြု၍ မဲပေးပုံအဆင့်ဆင့်ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး ရည်ရွယ်၍ အသိပညာပေးဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ ပြောင်းလဲကျင့်သုံးမည့် ရွေးကောက်ပွဲစနစ်၊ မဲပေးသည့်ပုံစံနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြု၍ မဲပေးခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်းကို ရှင်းလင်း ပြောကြားသည်။
ထို့နောက်တက်ရောက်လာကြသည့် ၁၄၄၊ ၁၄၅၊ ၁၄၆၊ ၁၄၇ရပ်ကွက်များနေ ဒေသခံ ပြည်သူများအား မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်း၊ မဲပေးစက်မှထုတ်ပေးသည့် မဲရလဒ်စာရွက်နှင့် မဲပုံးအတွင်းရှိ မဲလက်မှတ်များကို တိုက်ဆိုင်စစ်ဆေး၍ မဲရလဒ် မှန်၊ မမှန် စိစစ်ခြင်း စသည့် မဲပေးပုံအဆင့်အဆင့်ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် လက်တွေ့သရုပ်ပြ ဆောင်ရွက်ကြသည်။
အဆိုပါလက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံး တာဝန်ရှိသူများနှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများပူးပေါင်းကာ တနင်္လာနေ့မှ သောကြာနေ့အထိ နေ့စဉ်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သန်းသန်းအေး