ပန်းဘဲတန်းမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ

ပန်းဘဲတန်း စက်တင်ဘာ ၂၀    

ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ်၊ အခြေခံပညာမူလတန်း အ.မ.က(၃) ပန်းဘဲတန်း၌ ယမန်နေ့ မွန်းလွဲ ၁၂ နာရီက လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် အ.မ.က(၃) ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းဝင်းက အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဖြူဖြူဝင်းက လူငယ်နှင့်စာပေလေ့လာဖတ်ရှုမှု ခေါင်းစဉ်ဖြင့် ဟောပြောရာတွင် ပညာသင်ကြားနေချိန်တွင် ကျောင်းစာအပြင် ဗဟုသုတ ရရှိသော စာအုပ်စာစောင်များကို လေ့လာဖတ်ရှုရန် လိုအပ်ကြောင်း၊ စာဖတ်ရာတွင် သုတ၊ ရသစာများကို စုံအောင်ဖတ်ရမည်ဖြစ်ကြောင်း၊ ငယ်ရွယ်စဉ်ကနေ စာဖတ်သည့် အလေ့အထကို လေ့ကျင့်ပျိုးထောင်ရန် လိုအပ်ပါကြောင်း၊ အသိပညာပေး ဟောပြောခဲ့ပြီး ကလေးများ ဉာဏ်ရည်ထက်မြက်စေရန် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ လူအများ‌‌ရှေ့တွင် ပြောဆိုတတ်သည့် အလေ့အကျင့်ရှိစေရန် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲများကို ပြုလုပ်‌ပေးခဲ့ပြီး စာအုပ်ပြပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်များကို ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)