နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာရောစပ်ကြဲပက်ခြင်းနှင့် တောင်သူတွေ့ဆုံပွဲတက်ရောက်

နေပြည်တော် စက်တင်ဘာ ၂၀

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင်အတူ လယ်ဝေးမြို့နယ်၊ ဝက္ကမူကျေးရွာ၌ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ (၁:၃) ရောစပ်ကြဲပက်ခြင်းနှင့် တောင်သူတွေ့ဆုံပွဲအခမ်းအနားကို တက်ရောက်ခဲ့သည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းများနှင့်အညီ စနစ်တကျစိုက်ပျိုးရေး၊ ခေတ်မီနည်းစနစ်များဖြင့် စိုက်ပျိူးရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သွားရန်၊ သဘာဝမြေဩဇာကို တောင်သူများကိုယ်တိုင်ပြုလုပ်သုံးစွဲရေး၊ နိုင်ငံတော်မှ သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးပေးသည့် ဓာတ်မြေဩဇာများအား အမှန်တကယ်လိုအပ်သော တောင်သူများလက်ဝယ်သို့ရောက်ရှိရေး၊ သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် တစ်နှစ်သုံးသီး ရာသီပြည့်စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးရေရရှိရေးအတွက် နည်းလမ်းမျိုးစုံ အသုံးပြုဆောင်ရွက်ရေး၊ လယ်ယာ‌မြေများတွင် ပလပ်မြေမရှိအောင် ကွက်ပြည့်စိုက်ပျိုးနိုင်ရေးတို့ကို မှာကြားခဲ့သည်။ ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် နေပြည်တော်ကောင်စီဝင်များက ဓာတ်မြေဩဇာသွင်းအားစုများအား  တောင်သူများထံပေးအပ်ကြပြီး တောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တောင်သူများနှင့်အတူ သဘာဝဓာတ်မြေဩဇာနှင့် ပုလဲဓာတ်မြေဩဇာရောနှောကြဲပက်ခြင်းအား ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များလိုက်ပါ၍ လယ်ဝေးမြို့နယ် ပြည်ဝင်-အောင်းကုန်းကျေးရွာချင်းဆက်လမ်းသို့သွားရောက်ပြီး နေပြည်တော်အတွင်း ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေးနှင့် ရာသီဥတုမှန်ကန်စေရေးအတွက် ပြည်သူများမှစုပေါင်း၍ မန်ကျီး၊ တမာ၊ ခရေ သစ်ပင်စိုက်ပျိုး‌နေမှုကို ကြည့်ရှုအားပေးသည်။ ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ်၊ ပြောင်ခေါင်းကြီးကျေးရွာအုပ်စု၊ ပန်းတင်ကျေးရွာအနီး စိန်တလုံးသရက်ခြံ(၅)ဧက၌ မြေနိမ့်ကော်ဖီ (ရိုဘတ်စတာ) အပင် ၁၀၀၀ စိုက်ပျိုး‌နေမှုအား ကြည့်ရှုအားပေးပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ တောင်သူများမှ တင်ပြချက်များအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် လယ်ဝေးမြို့နယ်၊ သပြေပင်ကျေးရွာအုပ်စု၊ သပြေပင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ နေပြည်တော်ကုသရေးဦးစီးဌာနမှ ကွင်းဆင်း၍ ခွဲစိတ်၊ သားဖွားမီးယပ်၊ ကလေး၊ မျက်စိ၊ အရိုး၊ သွားနှင့်ခံတွင်း၊ ဓာတ်မှန် အထူးကုများဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းအား သွားရောက်ကြည့်ရှုအားပေးပြီး လာရောက်ဆေးကုသမှုခံယူသည့် ပြည်သူများအား အာဟာရဖြစ် စားသောက်ဖွယ်ရာများ၊ ယင်လုံအိမ်သာများ ပေးအပ်ခဲ့သည်။ ယင်းနောက် ကျန်းမာရေးစောင့်ရှောက်မှု‌ပေးသည့် အထူးကုဆရာဝန်ကြီးများအား သစ်သီးခြင်း၊ သပြေပင်ကျေးရွာအုပ်စု၊ သပြေပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းစာကြည့်တိုက်အတွက် သုတ၊ ရသ စာအုပ်များနှင့် အလှူငွေများ ပေးအပ်ခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည်‌ တာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ်၊ လေဆိပ်လမ်းနှင့် ရာဇသိင်္ဂဟလမ်းသို့ သွားရောက်ပြီး လမ်းဘေး/ဝဲယာ နှင့် ကြာကန်ပတ်လည်သန့်ရှင်းသာယာလှစေရေး ဆောင်ရွက်နေမှုအခြေအနေများ၊ ငလျင်ဒဏ်ကြောင့် ထိခိုကိပျက်စီးခဲ့သည့် လမ်းပိုင်းမျာ  ပြန်လည်ပြုပြင်‌နေမှုကို လှည့်လည်ကြည့်ရှုစစ်‌ဆေးခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)