ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့်စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြမဲပေးခြင်းအခမ်းအနား တက်ရောက်

စစ်တွေ စက်တင်ဘာ ၂၀

ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှကျင်းပသည့် ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့်စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြမဲပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ရခိုင်ပြည်နယ်တာဝန်ခံ ဦးအောင်မိုးမြင့်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သက်ကြီးမဲဆန္ဒရှင်များ၊ မသန်စွမ်းမဲဆန္ဒရှင်များ တက်ရောက်ကြပြီး နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများလာရောက်ကြည့်ရှုခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့်စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြမဲပေးခြင်းကို သွားရောက်ကြည့်ရှုကြရာ စစ်တွေမြို့နယ် ရွေးကောက်ပွဲကော်မရှင် ကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဦးထက်လင်းအောင်က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ရခိုင်ပြည်နယ်တာဝန်ခံ ဦးအောင်မိုးမြင့်နှင့် တာဝန်ရှိသူများသည် စစ်တွေမြို့ပေါ်ရှိ ရပ်ကွက်များမှ ပြည်သူများနှင့် မသန်စွမ်းပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးနေမှုကို လှည့်လည်ကြည့်ရှုကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ဖြင့် လက်တွေ့စမ်းသပ်မဲပေးရန်ရောက်ရှိလာကြသော ပြည်သူများ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ကျင်းပသည့် ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့်စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြမဲပေးခြင်းကို စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းခွဲ၍ တစ်ရက်လျင် လူဦးရေ (၈၀၀) ဦးတို့အား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အကြောင်းရှင်းလင်းခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ထို့ပြင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်နှင့် မာန်အောင်မြို့နယ်တို့တွင်လည်း ခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများမှ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)နှင့်စပ်လျဉ်း၍ ရှင်းလင်းပြသခြင်း၊ လက်တွေ့စမ်းသပ်မဲပေးခြင်းတို့ကို ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာမြို့နယ်ခန်းမများ၌ ဆောင်ရွက်ခဲ့ကြသည်။ ကျောက်ဖြူမြို့၌ ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးမှု သရုပ်ပြခြင်းကို ကျောက်ဖြူမြို့၊ ရမ္မာဝတီခန်းမတွင်ပြုလုပ်ရာ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြည့်ရှုကြပြီး ပြည်သူ (၁၀၀၀)ကျော် တက်ရောက်ကာ လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မာန်အောင်မြို့နယ်၌ ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဆိုင်ရာ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးမှုသရုပ်ပြခြင်းကို မာန်အောင်မြို့နယ်ခန်းမ၌ကျင်းပရာ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြပြီး ပြည်သူ (၃၀၀)ဦး တက်ရောက်ကာ လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်အဖွဲ့သည် အမှတ်(၄)လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့မှူးရုံး စားရိပ်သာ၌ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ အထူးနေ့လယ်စာစားပွဲသို့ တက်ရောက်ကြသည်။ နေ့လယ်စာစားပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က ချီးမြှင့်ငွေကျပ် (၁၀,၄၄၉,၀၀၀) (တစ်ရာလေးသိန်းလေးသောင်းကိုးထောင်ကျပ်) အား ပေးအပ်ချီးမြှင့်သည်။ ထို့နောက် ရဲတပ်ဖွဲ့ဝင်များနှင့်အတူ အထူးနေ့လယ်စာကို အတူတကွသုံးဆောင်ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် တပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး တပ်ဖွဲ့ဝင်များ၏ မိသားစုများအား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။

နေ့လယ်ပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသော ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူးကျင်းပမည့် ဆွမ်းဆန်တော်လောင်းလှူပွဲ၊ ဆီမီးပူဇော်ပွဲနှင့် မီးပုံးပျံလွှတ်တင်ပွဲအခမ်းအနားကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

ညှိနှိုင်းအစည်းဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော သီတင်းကျွတ်ပွဲတော်တွင် ဆွမ်းဆန်တော်လောင်းလှူပွဲ အခမ်းအနား၊ သီတင်းကျွတ်လပြည့်နေ့တွင် ဆီမီးပူဇော်ခြင်းနှင့် မီးပုံးပျံလွှတ်တင်ပွဲကို နှစ်စဉ်ကျင်းပခဲ့ပြီး ယခုနှစ်တွင်လည်း အစဉ်အလာမပျက် စည်စည်ကားကား ကျင်းပသွားမည်ဖြစ်ကြောင်း၊ လောကာနန္ဒာစေတီမြတ်ကြီး၌ သီတင်းကျွတ်လဆန်း(၁၄)ရက် အဖိတ်နေ့တွင် ဆွမ်းဆန်တော်လောင်းလှူပွဲကို ကျင်းပရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး လပြည့်နေ့တွင် လောကာနန္ဒာစေတီတော်မြတ်ကြီး၊ အတုလမာရဇိန်ပြည်လုံးချမ်းသာဘုရားကြီးနှင့် ရန်ပြေမာန်ပြေဘုရားကြီးတို့တွင်  ဆီမီးပူဇော်ခြင်းနှင့် မီးပုံးပျံလွှတ်တင်ပွဲများကို စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ အလားတူ စစ်တွေမြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီးတွင် ဝါဆိုဝါကပ် သီတင်းသုံးတော်မူသည့် ဆရာတော်ကြီး (၁၁) ပါး၊ သံဃာတော် (၄၈၉)ပါး၊ စုစုပေါင်း သံဃာတော် (၅၀၀) ပါးတို့အား ရင်ပြင်တော်ပတ်လမ်းတွင် ဆွမ်းဆန်တော်များ လောင်းလှူသွားမည်ဖြစ်ကြောင်း၊  သံဃာတော်များအား ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးပစ္စည်းလေးပါးတို့အား မကြောင့်မကြ မတောင့်မတဘဲ သာသနာ့တာဝန်များကို ထမ်းဆောင်တော်မူနိုင်ကြစေရန် ရည်ရွယ်၍ ဆွမ်းဆန်တော်များကို လောင်းလှူကြမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အခမ်းအနားများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများအနေဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကုသိုလ်ပါဝင်လှူဒါန်းပေးကြရန်နှင့် သက်ဆိုင်ရာဌာနဆိုင်ရာ များအလိုက်  ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ဆွမ်းဆန်တော်လောင်းလှူပွဲ၊ လောကာနန္ဒာစေတီတော်မြတ်ကြီး၊ အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီးနှင့် ရန်ပြေမာန်ပြေဘုရားကြီးတို့၌ ဆီမီးပူဇော်ပွဲ၊ မီးပုံးပျံလွှတ်တင်ပွဲများနှင့်ပတ်သတ်၍ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပွဲတော်များ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင် ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ပွဲတော်များအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်း တင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

တင်ထွန်း (ပြန်/ဆက်)