လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်‌ရေး စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနား အသိပညာပေးဟောပြောပွဲ၊ ပြိုင်ပွဲ၊ ပြပွဲများ ကျင်းပ

လှိုင်သာယာ(အရှေ့ပိုင်း) စက်တင်ဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်၏ ပံ့ပိုးကူညီမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနား အသိပညာပေးဟောပြောပွဲ၊ ကျပန်းစကား‌ပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ပုံပြင်‌ပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ဂိမ်းကစားပြိုင်ပွဲများနှင့် ပြပွဲများကို ယမန်နေ့နံနက် (၉)နာရီ၌ အမှတ်(၂)ရပ်ကွက်အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။         

ရှေးဦးစွာ အခြေခံပညာအလယ်တန်းအဆင့် ပုံ‌ပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲများ၊ ပန်းချီပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲများနှင့် အထက်တန်းအဆင့်ကျပန်းစကားပြောပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့သည်။ ထို့နောက် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်  စာရေးဆရာမင်းသီဟရာဇာက  စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် ပြိုင်ပွဲများအလိုက် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား  မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ‌ ဒေါ်သူဇာသိမ့်၊ အမှတ်(၇)ရပ်ကွက် မိခင်နှင့်ကလေးစောင့်‌ရှောက်ရေးအသင်းအဖွဲ့ဥက္ကဋ္ဌ ဒေါ်မာမာကြည်၊ စာရေးဆရာ၊ ဦးစီးအရာရှိတို့က ဂုဏ်ပြုဆုများ အသီးသီး‌ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်စာစောင်များနှင့် အသိပညာပေးနံရံကပ်စာစောင်များကို တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများကကြည့်ရှုလျက်ရှိပြီး စကားပုံဆက်၊ ပူဖောင်းဖောက်ကစားနည်းများ၊ ခုံလုဂိမ်းကစားနည်းများ ဆော့ကစားခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့၀င်များ၊ စာရေးဆရာများ၊ အ‌ခြေခံပညာအထက်တန်းကျောင်းများမှ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ (၁၈၀)ဦး တက်ရောက်လျက်ရှိပြီး အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဆန်းမြင့်နှင့် အဖွဲ့၀င်များက လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်၀င်းမူ(ပြန်/ဆက်)