၂၀၂၅-၂၀၂၆ ပညာသင်နှစ် ရန်ကုန်တိုင်းဒေသကြီး အခြေခံပညာကျောင်းသားအားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန် စက်တင်ဘာ ၂၀

၂၀၂၅-၂၀၂၆ ပညာသင်နှစ် ရန်ကုန်တိုင်းဒေသကြီး အခြေခံပညာကျောင်းသားအားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အလုံမြို့နယ်၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအားကစားကွင်းတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး ချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာ၊ ဆရာမများ၊ ပြိုင်ပွဲဝင်မြို့နယ်များမှ အားကစားအဖွဲ့ခေါင်းဆောင်များ၊ အားကစားနည်းအလိုက် အုပ်ချုပ်သူ၊ နည်းပြများ၊ ကျောင်းသား၊ ကျောင်းသူ များနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

ဦးစွာ အခြေခံပညာကျောင်းသားအားကစားပြိုင်ပွဲ ပင်မစစ်ကြောင်းဦးဆောင်၍ ခရိုင်အလိုက် စစ်ကြောင်းကြီးများက ကွင်းအတွင်းသို့ စစ်ကြောင်းပုံသဏ္ဍာန် ချီတက်နေရာယူပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်အား အလေးပြုကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာ တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲကျင်းပရေးကော်မတီများအနေဖြင့် ပြိုင်ပွဲ အစ၊ အလယ်၊ အဆုံးအောင်မြင်စွာ ပြီးမြောက်ရေးအတွက် စနစ်တကျ စီမံဆောင်ရွက်သွားကြရန်၊ နေပြည်တော်တွင် ပြုလုပ်မည့်ဗဟိုအဆင့် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲဝင် အားကစားသမားရွေးချယ်ရေး လူရွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု လက်ရွေးစင်အားကစားသမားများ ပါဝင်အရွေးခံနိုင်ရေးအတွက် အားကစားနည်းအလိုက် တာဝန်ရှိသူများက အစွမ်းကုန်ကြိုးစား ဆောင်ရွက်ကြရန်နှင့် ပြိုင်ပွဲဝင်အားကစားမောင်မယ်များကလည်း ဇွဲ၊ စိတ်ဓာတ်ကို အရင်းခံပြီး ရန်ကုန်တိုင်းဒေသကြီး၏ ဂုဏ်ကိုသာမက နိုင်ငံတော်၏ ဂုဏ်သိက္ခာကိုပါ မြင့်မာလာအောင် ဆောင်ရွက်နိုင်သည့် လက်ရွေးစင်အားကစားသမားများအဖြစ် ကြိုးစားသွားကြရန် စသည်တို့ကို ပြောကြားသည်။

ဆက်လက်၍ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများက အားကစားသစ္စာအဓိဋ္ဌာန် (၄) ချက် ရွတ်ဆိုပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အားကစားနည်းအလိုက် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများနှင့် ဖျော်ဖြေအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ချိုချိုမြတ်အောင်က အခြေခံပညာ ကျောင်းသားအားကစားပြိုင်ပွဲဆိုင်ရာနှင့် ဆုချီးမြှင့်ခြင်းဆိုင်ရာ များကို ရှင်းလင်းတင်ပြပြီး စစ်ကြောင်းကြီးများ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြကာ စမ်းချောင်းမြို့နယ်၊ အ.ထ.က(၂)စမ်းချောင်းမှ ဘင်ခရာ၊ ပန်းပွားအဖွဲ့နှင့် အ.ထ.က(၄)တာမွေ၊ အ.ထ.က(၇)ရွှေပြည်သာ၊ အ.ထ.က(၅)လှိုင်သာယာနှင့် အ.ထ.က(၄)အလုံတို့မှ ကျောင်းသား၊ ကျောင်းသူများက စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး အတွဲ(၃)၊ (၄)နှင့် Physical Fitness Exercises PE(22)တို့ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

၎င်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က အမျိုးသားဘောလုံးပြိုင်ပွဲ အင်းစိန်ခရိုင်အသင်းနှင့် သန်လျင်ခရိုင်အသင်းတို့၏ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးရာ အင်းစိန် ခရိုင်အသင်းမှ (၁)ဂိုးနှင့် သန်လျင်ခရိုင်အသင်းမှ (၀)ဂိုးဖြင့် အင်းစိန်ခရိုင်အသင်းမှ အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)