မှော်ဘီမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနား ကျင်းပ

မှော်ဘီ စက်တင်ဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် စာပေဗဟုသုတများ တိုးပွားလာ​စေပြီး ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတက်သည့် အလေ့အထကောင်းများရရှိစေရန်၊ လူငယ်အချင်းချင်း ချစ်ခင်ရင်းနှီးမှုများ ပိုမိုရရှိစေရန်ရည်ရွယ်၍ ယမန်နေ့ နံနက်(၉) နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ လူငယ်စကားဝိုင်းနှင့် ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။      

ရှေးဦးစွာ အခမ်းအနားအား “မြန်မာ့ကျောင်း”သီချင်းဖြင့် ဖွင့်လှစ်ခဲ့ပြီး မှော်ဘီခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးနော်မိုင်လှကြည်က အဖွင့်မှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစန်းဝင်းက စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးနေလင်း(မောင်ချိုဝေ)က “ငါတို့ ဘာကြောင့် ကျောင်းတက်ရတာလည်း”ခေါင်းစဥ်ဖြင့် ဟောပြောခဲ့ကာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဝင်းက ကျေးဇူးတင်စကားများ ပြောကြားခဲ့သည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ(ငြိမ်း) ဒေါ်ခင်နှင်းကြည်က ဦးဆောင်ဆွေးနွေးသူအဖြစ်လည်းကောင်း အထက်တန်းပြဆရာမ ဒေါ်မြင့်မြင့်စိုးက တွဲဖက်ဦးဆောင်ဆွေးနွေးသူအဖြစ်လည်းကောင်း၊ (Grade-10 B)မှ မောင်အောင်စစ်ပိုင်က လူငယ်နှင့်မူးယစ်ဆေး၊ (Grade-11-A)မှ မချမ်းမြေ့နန္ဒာ ကလူငယ်နှင့်စာရိတ္တ၊(Grade-11B)မှမောင်လျှမ်းထက်အောင်ကလူငယ်နှင့်အားကစား၊(Grade-11A)မှ မကျော်မီမီးဦးက လူငယ်နှင့်ဆိုရှယ်မီဒီယာ စသည့်ခေါင်းစဉ်များဖြင့်လည်းကောင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများက မိမိတို့သိလိုသည်များကို‌ မေးမြန်းခဲ့ရာ ခေါင်းစဉ်အလိုက်  ဆွေးနွေးသူများနှင့် ဦးဆောင်ဆွေးနွေးသူက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။

ဆက်လက်၍ ကျောင်းသား/ကျောင်သူများအား ပုံပြင်ပြောပြိုင်ပွဲ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်များ ကျင်းပရာ ဆုရရှိသော ကျောင်းသား/ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။ စာဖတ်ရှိန်​မြှင့်တင်ရေးလှုပ်ရှားမှုတွင် ဆေးရောင်​ခြယ်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲများကျင်းပခဲ့ရာ အ.ထ.က(၁)မှ ကျောင်းသား၊ ကျောင်းသူများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများမှ အထက်တန်းအဆင့်ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားသို့ မှော်ဘီခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနလက်ထောက်ညွှန်ကြားရေးမှူးနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်လက်ထောက်ပညာရေးမှူး၊ မြို့နယ်လက်ထောက်ပညာရေးမှူး၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ (၄၀၀)ကျော်တို့ တက်ရောက်ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသ စာအုပ်စာစောင်များ၊ အသိပညာပေးနံရံကပ်စာစောင်များကိုလည်း စိတ်ပါဝင်စားစွာဖြင့် ​ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ဝင်းဇော်(ပြန်/ဆက်)