စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု စာပေဟောပြောပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆို ပြိုင်ပွဲနှင့် ဂိမ်းကစားနည်းပြိုင်ပွဲများကျင်းပ

ဒဂုံမြောက် စက်တင်ဘာ ၁၉

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု စာပေဟောပြောပွဲ ကျပန်းစကားပြောပြိုင်ပွဲ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် ဂိမ်းကစားနည်းပြိုင်ပွဲများကို အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း၊ မေခခန်းမတွင် ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း၊ ကျောင်းသား ကျောင်း သူလေးများက"ဘက်စုံပညာကိုရည် တို့လှမ်းချီ ”သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်ဦးမြင့်ဇော်မှ အဖွင့်အမှာ စကားပြောကြားသည်။ ဆက်လက်၍ မြို့နယ် စာရေးဆရာအသင်းမှ ဆရာမ မမမီ(ရန်ကုန် တက္ကသိုလ်)က “လူငယ်နှင့်စာဖတ်ခြင်း၏ အကျိုး ကျေးဇူး” ခေါင်းစဉ်ဖြင့် ဟောပြောသည်။ ထို့နောက် ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာ ရွတ်ဆိုပြိုင်ပွဲများကျင်းပခဲ့သည်။ ထို့နောက် ပြိုင်ပွဲ အသီးသီးတွင် ဆုရရှိသော ကျောင်းသား ကျောင်းသူ များအား တာဝန်ရှိသူများက ဆုများ ချီးမြှင့်ခဲ့ပြီး ကျောင်းသားကျောင်းသူ လေးများက "ပညာဘဏ် တိုက်စာကြည့်တိုက်သို့ သွားကြစို့”သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့သည်။

ထို့နောက် ကျောင်းသားကျောင်းသူလေးများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများအား လှည့်လည်ကြည့်ရှုခဲ့ကြပြီး ဂိမ်းကစားနည်းများ ပျော်ရွှင်စွာ ကစားခဲ့ကြသည်။ အခမ်းအနားတွင် RIVER KING AYEYAR GROUP မှ မုန့်နှင့် အချိုရည်ဗူးများ ဝေငှခဲ့သည်။

အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားသို့ မြို့နယ်စီမံရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးသန်းဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စာရေးဆရာ အသင်းဥက္ကဋ္ဌဦးအောင်သျှံဝိုင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ကျောင်းကော်မတီဝင်များ၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ အင်အား ၅၀၀ ကျော် တက်ရောက်ခဲ့ကြောင်းသိရသည်။

မြင့်မြင့်ရီ