မြောက်ဥက္ကလာပ စက်တင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မြေငလျင်ဘေးအန္တရာယ်သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန် အဆိုပါကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်း၀င်းက သဘာ၀ဘေးအန္တရာယ်နှင့်ပတ်သတ်၍ မြေငလျင် ဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များအား အသိပညာပေး ရှင်းလင်းပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးစည်သူမျိူးက သဘာ၀ဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက နောက်ဆက်တွဲ မီးဘေးအန္တရာယ် ဖြစ်ပေါ်လာခြင်းနှင့် မီးဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာစနစ်များ ဆောင်ရန်၊ ရှောင်ရန်များ၊ ငလျင်ဘေးတွင် ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ပုံများ၊ အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့မှုနှင့် ပတ်သတ်၍ ကြိုတင်ကာကွယ်ရမည့် အကြောင်းအရာများအား အသိပေးဟောပြောပေးခဲ့သည်။
ထို့နောက် မြေငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ရာ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ လေးများအား မြေငလျင်လှုပ်ခတ်နေစဉ် အဆောက်အဦနှင့်ဝေးရာသို့ ထွက်ပြေးနိုင်ရန် ဆောင်ရွက်ခြင်း၊ အဆောက်အဦ စာသင်ခန်းအတွင်း ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ရေးဆာင်ရွက်ခြင်း၊ ဒဏ်ရာရရှိသူ များအား သယ်ယူခြင်း၊ အရေးပေါ်ဆေးကုသမှုပေးခြင်းစသည့်တို့ကို ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ မြေငလျင်ဘေးအန္တရာယ်သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ရာသို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်း၀င်းနှင့်၀န်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစည်သူမျိုးနှင့် ရှာဖွေ ကယ်ဆယ်ရေးတပ်ဖွဲ့၀င်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်မို့မို့ခိုင်၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းအုပ်ဆရာကြီး ဦးခိုင်စိုးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား ၂၅၀ ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး