သန်လျင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ၊ပြိုင်ပွဲများနှင့် စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြသဆောင်ရွက်

ရန်ကုန် စက်တင်ဘာ ၁၉

သန်လျင်ခရိုင် သန်လျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ ပြိုင်ပွဲများနှင့် စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် (၁၀) နာရီ အချိန်က ညောင်သုံးပင် (၁) အခြေခံပညာ မူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ် ရွှေရည်ဝင်းကျော်က ကျောင်းသား/ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးပြီး၊ ထူးချွန်ထက်မြတ်သူများဖြစ်လာစေရန်၊ သိသင့်သိထိုက်သည့် အကြောင်းအရာများကို သိရှိနိုင်ရန်အတွက် ကျောင်းစာအပြင် ပြင်ပဗဟုသုတစာများကိုဖတ်ကြရန်နှင့် သိသင့်သိထိုက်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကျောင်းအုပ်ဆရာမကြီးမှ ကျေားဇူးတင်စကားပြန်လည်ပြောကြပြီး ကျောင်းသား/ကျောင်းသူများအား အသိပညာတိုးပွားစေမည့်ပုံပြောပြိုင်ပွဲ၊ ကဗျာရွက်ဆိုပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဂိမ်းပြိုင်ပွဲများကျင်းပခဲ့ကြသည်။

ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား ကျောင်းသား/ကျောင်းသူများက စိတ်ဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ (သန်လျင်)