ဆဒုံးမြို့၌ (၇) ရက်အတွင်း တစ်သျှူးငှက်ပျောသီးတင်ယာဉ်တိမ်းမှောက်မှု သုံးကြိမ်ဖြစ်ပွား

ဆဒုံး   ဒီဇင်ဘာ  ၂၃

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်အတွင်း ဝိုင်းမော်-ဆဒုံး-ကန်ပိုက်တည် ကားလမ်းကို အသုံးပြု၍ ကန်ပိုက်တီ နယ်စပ်ဂိတ်မှတဆင့် တရုတ်နိုင်ငံသို့ တစ်သျှူးငှက်ပျောသီး တင်ယာဉ်များဖြင့်‌ နေ့စဉ့်် ပို့ဆောင်လျက်ရှိရာ ဒီဇင်ဘာ ၁၅ ရက်နေ့ ညနေ ၄ နာရီခွဲခန့်၊ ဦးကျော်ထူး မောင်းနှင်သည့် (၂၂) ဘီးယာဉ်သည်တစ်သျှူး ငှက်ပျောသီး ပို့ဆောင်ပြီးအပြန် မိုင်တိုင်အမှတ် (၄၀/၄၁) ကြားတွင် အရှိန်လွန်တိမ်းမှောက်သွား ကြောင်းသိရသည်။

အလားတူ ဒီဇင်ဘာ ၁၉ ရက်နေ့၊ နေ့လယ် ၁၂ နာ ရီခန့် ၊ ဦးသူရိန် မောင်းနှင်လာသည့် (၂၂) ဘီးယာဉ်သည် ဝိုင်းမော်ဘက်မှတစ်သျှူးငှက်ပျော သီးအပြည့် တင်ဆောင်လာပြီး မိုင်တိုင်အမှတ် (၄၁/၄၂) ကြားတွင် တစ်ဖက်ယာဥ်ကြောနေရာ၌ ရပ်ထားသည့်ယာဉ်အား တိမ်းရှောင်စဉ် ငှက်ပျောသီးဖာများ ပြိုကျကာတိမ်းမှောက်သွားကြောင်းနှင့် ဒီဇင်ဘာ ၂၁ ရက်နေ့၊ ညနေ ၄ နာရီ ခွဲခန့်တွင်လည်း ငှက်ပျောသီးပို့ဆောင်ပြီးအပြန် ဆဒုံးဘက်မှ ဝိုင်းမော်ဘက်သို့ ဦးဇေယျာနိုင် မောင်းနှင်သည့် ၂၂ ဘီးယာဉ်သည် ဆဒုံးမြို့၊ မြို့ဝင်ဆိုင်းဘုတ်အနီး မိုင်တိုင်အမှတ် (၄၂/၄၃) ကြားနေရာ အကွေ့တွင် တစ်ဖက်ယာဥ်ကြောမှ ယာဉ်အား တိမ်းရှောင်စဉ် အရှိန်လွန်တိမ်း မှောက်သွား‌​ကြောင်းနှင့် ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်များတွင် ယာဉ်မောင်းများမှာထိခိုက်မှုမရှိ​ကြောင်း သိရသည်။

ကျော်နိုင်ဌေး (ပြန်/ဆက်)