ကိုကိုးကျွန်း အ.ထ.ကတွင် ကျောင်းသား၊ ကျောင်းသူများအား အာဟာရတိုက်ကျွေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်း ပြုလုပ်ဆောင်ရွက်

ကိုကိုးကျွန်း စက်တင်ဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား အာဟာရတိုက်ကျွေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းကို ယနေ့နံနက်(၉)နာရီခွဲအချိန်တွင်  ကိုကိုးကျွန်းမြို့နယ် အ.ထ.ကကျောင်းခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောင်းသားလူငယ်များအတွက် အခြေခံကျန်းမာရေးအသိပညာများ၊ ကျန်းမာရေးကို အထောက်အကူပြုစေသည့် သဘောထားများ၊ ယုံကြည်ချက်များနှင့် တစ်သက်တာကျန်းမာရေးအတွက် လိုအပ်သောအမူအကျင့်များကို ထိရောက်စွာလေ့ ကျင့်ပျိုးထောင်ပေးနိုင်သည့် အုတ်မြစ်ဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာပါ ဖွံ့ဖြိုးနေဆဲဖြစ်သည့် ကလေးများနှင့် ဆယ်ကျော်သက်များအတွက် ကျောင်းနေကာလသည် ကောင်းမွန်သောအမူအကျင့်ကိုနှလုံးသွင်းလေ့လာ သင်ယူရန်အကောင်းဆုံးအချိန်ကာလဖြစ်သည်။

ထို့ကြောင့်ကလေးငယ်များအား အာဟာရပြည့်စုံဖွံ့ဖြိုးစေရန်နှင့် ကျန်းမာရေးကောင်းမွန်စေရန်အတွက် ကိုကိုးကျွန်းမြို့နယ်ကျန်းမာရေးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသား လူငယ်များအား အာဟာရတိုက်ကျွေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းကို လစဉ်(၁)လလျှင် (၂)ကြိမ်ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်းသိ ရသည်။        

ထွန်းထွန်းဇော် (ပြန် ဆက်)