သင်္ဃန်းကျွန်း စက်တင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ကျောင်းစာကြည့်တိုက် ဖွံဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားအား စက်တင်ဘာလ ၁၇ ရက် ယမန်နေ့ နေ့လယ် ၁ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း သင်္ဃန်းကျွန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာထွန်းက အခမ်းအနားဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အားပြောကြားပြီး အခမ်းအနားဖွင့်လှစ်ခဲ့သည်။ ထို့နောက်စာရေးဆရာမ မြမဥ္ဇူဝေ (ကျုံမငေး)နှင့် စာရေးဆရာကြီး ဦးဇော်မျိုးအောင်တို့က တက်ရောက်လာသည့် ကျောင်းသား/ ကျောင်းသူများအား စာဖတ်ခြင်း၏ အကျိုးကျေးဇူးနှင့် သိမှတ်ဖွယ်ရာများအား ဟောပြောခဲ့ပြီး (Grade 5.6.7) ကျောင်းသား/ ကျောင်းသူများ၏ ပုံပြင်ပြောပြိုင်ပွဲ၊ (Grade 4.5) ကျောင်းသား/ ကျောင်းသူများ၏ ကဗျာရွတ်ဆိုပြိုင်ပွဲ ဆက်လက်ကျင်းပသည်။ ထို့နောက် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးနိုင်က ကျေးဇူးတင်စကား ပြောကြားပြီး ပြိုင်ပွဲဆုရ ကျောင်းသား/ ကျောင်းသူများအား သက်ဆိုင်သူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး အခမ်းအနားပြီးမြောက်ခဲ့သည်။ အခမ်းအနားအပြီးတွင် ဂိမ်းကစားခြင်းပြိုင်ပွဲ ဆက်လက်ကျင်းပရာ ကျောင်းသား/ ကျောင်းသူများ ပျော်ရွှင်စွာ ဝင်ရောက်ယှဥ်ပြိုင် ကစားခဲ့ကြသည်။
အခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာထွန်း၊ ဦးစီးအရာရှိ ဒေါ်ဝါဝါဝင်းမြိုင်၊စာရေးဆရာမ မြမဥ္ဇူဝေ (ကျုံမငေး)၊ စာရေးဆရာကြီး ဦးဇော်မျိုးအောင်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်း ၃၀၀ ခန့်တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
ဇော်မိုး (သင်္ဃန်းကျွန်း)