ငါန်းဇွန် စက်တင်ဘာ ၁၉
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စက်တင်ဘာ ၁၉ ရက်နေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်းပြီး စာရေးသူခင်စောတင့်၏ “ဆုံးဖြတ်ဖို့ခက်ခဲနေမယ်ဆိုရင်” စာအုပ်ကို လေ့လာဖတ်ရှု၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက အသိအမြင်ဗဟုသုတ တိုးပွားစေရန်နှင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး စာရေးသူ ခင်စောတင့်၏ “ဆုံးဖြတ်ဖို့ ခက်ခဲနေမယ်ဆိုရင်” ခေါင်းစဉ်ဖြင့် ဘဝမှာ ရေသာခိုပြီး လိုက်သွားတဲ့ ခရီးသည် မဟုတ်ဘဲ ကိုယ်တိုင်မောင်းနှင်သူအဖြစ် မောင်းနှင်သူထိုင်ခုံမှာ မောင်းနှင်သွားမှသာ တကယ့်တန်ဖိုးရှိတဲ့ အကျိုးရလဒ်ကို ခံစားရမှာဖြစ်ကြောင်း၊ တိကျပြတ်သားဖို့ နည်းလမ်းများကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)မှ အဖွဲ့ဝင် Grade-8 ကျောင်းသား မောင်ရဲဝင်းကိုကိုက “ရိုးသားဖြောင့်မတ်သော” ခေါင်းစဉ်ဖြင့် ရိုးသားဖြောင့်မတ်ခြင်းသည် အရည်အချင်းရှိတဲ့သူအဖြစ် ပြသပါကြောင်း၊ မုသားစကားဆိုတာ ဘယ်လိုသွင်ပြင်နဲ့ပဲလာလာ၊ ဘယ်လောက်သေးငယ်ပြီး ဘယ်လောက်ပဲ မဖြစ်စလောက်လို့ ထင်ရပေမဲ့လည်း လောကကြီးက ပုံဖော်ထားပြီး အခိုင်အမာချမှတ်ထားတဲ့ ဂုဏ်သိက္ခာကို ဖြတ်တောက်ခံကြရမှာဖြစ်ပါကြောင်း၊ ယနေ့တွင် အပြန်အလှန် အကျိုးပြုမှုတိုင်းမှာ ဖြောင့်မတ်ခြင်း၊ တည်ကြည်ခြင်းကို ရွေးချယ်ခြင်းဖြင့် အင်အားကို ပြုစုပျိုးထောင်ရမှာ ဖြစ်ပါကြောင်းကို လည်းကောင်း၊ အဖွဲ့ဝင် Grade-8 ကျောင်းသူ မမြတ်နိုးဝေက “ရွှင်လန်းပေါ့ပါးတဲ့ ရှုထောင့်က ကြည့်ပါ” ခေါင်းစဉ်ဖြင့် ပျော်ရွှင်ခြင်းများစွာကို ခံစားပြီးတဲ့အခါမှာတော့ ကြည်နူးစိတ်နဲ့အခြေကျကျထိုင်ပြီး အလုပ်ထဲမှာ အာရုံစိုက်နိုင်မည် ဖြစ်ကြောင်း၊ ရယ်မောခြင်းဆိုတာ လူနှစ်ဦးကြားမှာရှိတဲ့ အတိုတောင်းဆုံး ခရီးဖြစ်ကြောင်းကိုလည်းကောင်း၊ “ဆုံးဖြတ်ဖို့ ခက်ခဲနေမယ်ဆိုရင်” စာအုပ်ပါ ခေါင်းစဉ်များအလိုက် မိမိတို့ဖတ်ရှုနားလည်မှုများကို စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသော စာပေဝါသနာရှင်များနှင့်အတူ အပြန်အလှန်ဆွေးနွေးကြရာ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)