စမ်းချောင်း စက်တင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင် စမ်းချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ ကလေးသူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက် လာစေရန်နှင့် စာဖတ်ရှိန် မြင့်မားလာစေရန်ရည်ရွယ်၍ စက်တင်ဘာလ ၁၇ ရက်နေ့နံနက်(၁၀)နာရီအချိန်က ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆို ပြခြင်းများ ဆောင်ရွက်ခဲ့သည်။
ထို့သို့ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သန္တာမြင့်မြင့်ကျော်က ကျောင်းသား၊ ကျောင်းသူများ အကျင့်စာရိတ္တကောင်းမွန်စေရန်၊ ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးမှုရှိစေရန် စာကြည့်တိုက်မှ အသိပညာ ဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများ အား ဒေါက်တာမေမွန် ရေးသားပြုစုသည့် ကြယ်တွေကောက်ဖို့သွားကြစို့ပုံပြင်နှင့် ရွှေမြိုင်ပြုံးလဲ့မော်ရေး သားသည့် မီးမီးလေးရဲ့ကျောင်း ကဗျာအား ဖတ်ရှုပြောပြခဲ့သည်။
ထိုနောက်တက်ရောက်လာသော ကျောင်းသား/ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ကလေးအလုပ်သမား ပပျောက်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်၊လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဖြူသွယ်ထွန်း (ပြန်/ဆက်)