ကျောက်တန်းမြို့ ၂၀၂၅ခုနှစ်၊ တက္ကသိုလ်၀င်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ကျောက်တန်း စက်တင်ဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်၀င်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က အဆိုပါကျောင်း “မှော်ဝန်းရတနာခန်းမ”၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် “ပညာပန်းခင်း” သီချင်းဖြင့် ကျောင်းသား၊ ကျောင်းသူလေးများက သီဆိုဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါအခမ်းအနားတွင် ကျောက်တန်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်မှ၊ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူးဆရာမကြီး ဒေါ်ခင်သန်းဦးက ပညာရည်ချွန်ဆုချီးမြှင့်ရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အလှူရှင်များအား တာဝန်ရှိသူများမှ ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ် သုံးထပ်ကွမ်းလူရည်ချွန်ဆုရရှိသူ မအလိမ္မာစုဇော်နှင့်၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသောကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများ အသီးသီးဆုချီးမြှင့်ခဲ့သည်။

ဆက်လက်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် သုံးထပ်ကွမ်းလူရည်ချွန်ဆုရ ငါးဘာသာဂုဏ်ထူးရှင် မအလိမ္မာစုဇော်မှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ပညာရည်ရည်ချွန်ဆုပေးပွဲအခမ်းအနားသို့ ကျောက်တန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်နှင့်တာ၀န်ရှိသူများ၊ ဌာနဆိုင်ရာတာ၀န်ရှိသူများ၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်သန်းဦးနှင့် ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ ဆုရကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်၊၊

ကျောက်တန်းမြို့နယ်အနေဖြင့် (၅) ဘာသာဂုဏ်ထူးရှင်(၂) ဦး၊ (၄) ဘာသာဂုဏ်ထူးရှင် (၅) ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် (၁၁)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၂၂)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် (၃၀)ဦးတို့အား ဆုများချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

နေလင်းကျော် (ပြန်/ဆက်)