ဥတ္တရသီရိမြို့နယ်အတွင်းရှိ သမဝါယမအသင်းသားတောင်သူများ၏ မိုးစပါးစိုက်ပျိုးဆောင်ရွက်မှုများအား ကွင်းဆင်းကြည့်ရှု

ဥတ္တရသီရိ စက်တင်ဘာလ ၁၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ဆုယဉ်မြင့်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၈ နာရီအချိန်တွင် ဥတ္တရသီရိမြို့နယ်၊ ဝက်စုကျေးရွာ၊ ဝက်စုလယ်ယာစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းသား ဒေါ်မာလွင်၏ မိုးစပါးစိုက်ဧက(၃)ဧကတွင် ထိုင်းနှံကောက်မျိုးစပါး စိုက်ပျိုးထားရှိမှုနှင့် ကောက်ပင်ကြဲသည့်နေရာများတွင် ပြန်လည်စိုက်ပျိုးနေမှုများကိုလည်းကောင်း၊ မင်းကုန်းကျေးရွာ၊ မင်းကုန်းစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမ အသင်းသား ဦးအောင်မြင့်သန်း၏ အောင်နိုင်တိုး စပါးမျိုးစိုက်ခင်းတွင် အသီးအားတိုးဆေးများ ပက်ဖြန်းနေမှုများကိုလည်းကောင်း ကွင်းဆင်းကြည့်ရှုခဲ့သည်။

ကွင်းဆင်းကြည့်ရှုစဉ် နေပြည်တော်သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ယခုနှစ်မိုးစပါး စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မိုးစပါးစိုက်ပျိုးဧကအားလုံး ပန်းတိုင်ရည်မှန်းချက် အထွက်နှုန်းပြည့်မီအောင် “မျိုး၊ မြေ၊ ရေ၊ နည်း” မှန်ကန်မှုရှိစေရေးအတွက် မြို့နယ်ဦးစီးဌာနမှ စဉ်ဆက်မပြတ် ကြီးကြပ်ဆောင်ရွက်ရန်လိုကြောင်း၊ အသင်းသားတောင်သူများမှလည်း မိမိတို့၏ စိုက်ခင်းများ ယခင်နှစ်များထက် စပါးအထွက်နှုန်း ပိုမိုကောင်းမွန်လာစေရန် ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ အဖျက်ပိုးမွှားများအန္တရာယ်များမှ ကာကွယ်နိုင်စေရေးအတွက် ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေးများနှင့် စပါးများအထွက်နှုန်းတိုးစေရန် အသီးအားတိုးဆေး၊ မြေဩဇာစသည့်များကို နည်းစနစ်မှန်ကန်စွာဖြင့် စံချိန်စံနှုန်းများအတိုင်း အသုံးပြုရန်လိုအပ်ကြောင်းနှင့် မြို့နယ်ဦးစီးဌာနအနေဖြင့် မိမိဒေသအတွင်းရှိ မိုးစပါးစိုက်ခင်းများအား စဉ်ဆက်မပြတ်ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည်များအား ပေါင်းစပ်ဆောင်ရွက်ပေးရန် မှာကြားခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ဥတ္တရ)