ဒက္ခိဏခရိုင် ပြည်သူ့စာကြည့်တိုက်၌ လူငယ်စာဖတ်ဝိုင်း ကျင်းပ

နေပြည်တော် စက်တင်ဘာ ၁၉

လူငယ်များအနေဖြင့် စာဖတ်ခြင်းကို နေ့စဉ်ဘဝ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ထည့်သွင်းလာစေရန်၊ စာအုပ်၊ စာပေများနှင့် ရင်းနှီးလာစေရန်နှင့် စာဖတ်ခြင်းမှတစ်ဆင့် ပျော်ရွှင်မှုနှင့် အသိပညာများကိုရရှိစေရန်ရည်ရွယ်ကျင်းပသည့် လူငယ်စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲပိုင်းတွင် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ကျင်းပရာ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ အမျိုးသားစာပေဆုရှင် ဒေါက်တာဦးအောင်စိုး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုနှင့် တာဝန်ရှိသူများ၊ နေပြည်တော်စာပေဝိုင်းမှ စာရေးဆရာများဖြစ်သည့် ‌ဆရာ သဘာဝ၊ ဆရာ အိုင်ပီ-မျိုးအောင်၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ စာပေဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က လူငယ်စာဖတ်ဝိုင်းသည် လူငယ်တစ်ဦး၏ ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးတိုးတက်ရေးအတွက်သာမက၊ လူ့အဖွဲ့အစည်းတစ်ရပ်လုံး၏ အနာဂတ်အတွက်ပါ အကျိုးပြုနိုင်သော လှုပ်ရှားမှုတစ်ခုဖြစ်ကြောင်း၊ သုတ၊ ရသစာပေများကို စုံလင်စွာဖတ်ရှုခြင်းဖြင့် အမှား၊ အမှန်ကို‌ ဝေဖန်ပိုင်းခြားနိုင်ကာ တွေးခေါ်နိုင်စွမ်းမြင့်မားသည့် နိုင်ငံသားကောင်းရတနာများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ လူငယ်စာဖတ်ဝိုင်းကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် လူငယ်စာဖတ်ဝိုင်းတွင် Grade-8 မှ ကျောင်းသား၊ ကျောင်းသူများက စာရေးဆရာ ကျော်ကျော်လှိုင်ရေးသားသည့်"တန်ဖိုးရှိသောနေ့" စာအုပ်ပါအကြောင်းအရာများကို မိမိတို့၏ ထင်မြင်ယူဆချက်များ၊ နားလည်သဘောပေါက်မှုများ မျှဝေဆွေးနွေးခဲ့ကြပြီး အမျိုးသားစာပေဆုရှင် ဒေါက်တာ ဦးအောင်စိုး၊ ဆရာ သဘာဝနှင့် ဆရာ အိုင်ပီ-မျိုးအောင်တို့က ဆွေးနွေးချက်ပါအကြောင်းအရာများနှင့်စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးခြင်း၊ လက်တွေ့ဘဝနှင့် နှိုင်းယှဉ်ဆွေးနွေးခြင်းနှင့် ကိုယ်ပိုင်အတွေ့အကြုံဖလှယ်ခြင်းများ ဆောင်ရွက်ခဲ့‌ကြသည်။

စာဖတ်ဝိုင်းအပြီးတွင် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ၊ ရသ စာအုပ်၊ စာစောင်များနှင့် နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများနှင့် တက်ရောက်လာကြသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အောင်သူရဦး(ဒက္ခိဏ)