မက်မန်းမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုနည်းဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသက်မဲပေးခြင်းများ ကွင်းဆင်းဆောင်ရွက်

မက်မန်း စက်တင်ဘာ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုနည်းဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသက်မဲပေးခြင်းကို မက်မန်းမြို့နယ် ဝမ်စလောင်းအုပ်စု၊ ငဟောင်ကျေးရွာ အ.မ.က နှင့် ရောင်အူကြီးကျေးရွာ အ.ထ.က(ခွဲ)ကျောင်းတို့၌ ယမန်နေ့နံနက် (၁၀)နာရီတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းလင်းအောင်က  မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြု၍ မဲပေးရာတွင် ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် အသိပညာပေးဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်းနှင့် မဲပေးပုံ၊ မဲပေးနည်းအဆင့်ဆင့်တို့ကို လွယ်လဘာသာ၊ ရှမ်းဘာသာတို့ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးပြည့်ဖြိုးအောင်က (MEVM)စက်ဖြင့်မဲပေးရခြင်း၏ အကျိုးကျေးဇူးများနှင့် လုံခြုံစိတ်ချရမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး ဝမ်စလောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဒေးဗစ်က အဆိုပါပြောကြားခဲ့သည့်အကြောင်းအရာများကို လားဟူဘာသာဖြင့် ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်အခမ်းအနားသို့ တက်ရောက်လာသည့် မဲဆန္ဒရှင်ပြည်သူတို့က မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူအသီးသီးတို့မှ ပြန်လည်ရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။

အေဇက်ထွန်း(မက်မန်း)