မူဆယ်မြို့၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပ

မူဆယ် စက်တင်ဘာ ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ အခမ်းအနားတွင် မူဆယ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းမင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးကိန်မိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ကေသွယ်ဟန်၊ မူဆယ်ခရိုင် တာဝန်ခံ ပညာရေးမှူး ဦးမောင်ကို၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လင်းနှင့် ရှမ်းစာပေနှင့်ယဉ်ကျေးမှုဥက္ကဋ္ဌ ဦးစိုင်းလောဝ်လှိုင်းတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။               

ဖွင့်ပွဲအခမ်းအနားအပြီးတွင် ဘင်ခရာအဖွဲ့၊ ပန်းပွားအဖွဲ့နှင့် Fitness Dance အဖွဲ့တို့ကို တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများချီးမြှင့်ခဲ့ပြီး အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။

ထို့နောက် ပြိုင်ပွဲများကျင်းပနေသည့် ခန်းမအသီးသီးသို့ လှည့်လည်ကြည့်ရှုကာ‌ ဆေးရောင်ခြယ်နှင့် စက္ကူခေါက်ပြိုင်ပွဲများတွင်ပါဝင်ကြသော ကျောင်းသား/ကျောင်းသူများကို အမှတ်တရလက်ဆောင်များ ချီးမြှင့်ခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်/စာစောင်ပြပွဲ၊ လှပသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံပြခန်းများကိုလည်း ကြည့်ရှုခဲ့ကြောင်း သိရသည်။

ချယ်ရီမြေ(မူဆယ်)