ဘားအံ စက်တင်ဘာ ၁၉
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် အဖွဲ့ဝင်များသည် စက်တင်ဘာ ၁၈ ရက် မွန်းလွဲပိုင်းက ဇွဲကပင်တောင်ဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓမ္မကထိကဗဟုဇနဟိတဓရ သီရိပျံချီဘဒ္ဒန္တကဝိဓဇအား ဇွဲကပင်တောင်ခြေ၊ လုမ္ဗိနီဥယျာဉ်ကျောင်း၌ သွားရောက်ဖူးမြော်ကြည်ညိုသည်။ ထိုသို့ဖူးမြော်ကြည်ညိုစဉ် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ဆရာတော်ကြီးအား သာသနာရေးဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများလျှောက်ထားတင်ပြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်နဝကမ္မ အလှူငွေများဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဖလား အခြေခံပညာအဆင့် အသက်(၁၈)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲနှင့် ကျောင်းသားအားကစားပွဲတော်ကို စက်တင်ဘာ ၁၇ ရက်မှ ၂၁ ရက်အထိ ဘားအံမြို့ပေါ်ရှိ အားကစားကွင်း၊ အားကစားရုံများတွင် ကျင်းပနေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များက ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက် လူငယ်စင်တာတွင် ကျင်းပလျက်ရှိသော ကျောင်းသားအားကစားပွဲတော် အမျိုးသား၊အမျိုးသမီး စားပွဲတင်တင်းနစ်ပြိုင်ပွဲ ယှဉ်ပြိုင်နေမှု၊ အောင်သံလွင်အားကစားကွင်းတွင် အမျိုးသားဘောလုံးပြိုင်ပွဲ၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်အားကစားကွင်း ပြည်နယ်မိုးလုံလေလုံအားကစားရုံ၌ အမျိုးသားဘော်လီဘောပြိုင်ပွဲများ ယှဉ်ပြိုင်ကစားနေမှု၊ ဘားအံမြို့ အမှတ်(၁)ရပ်ကွက်၊ ပဒုမ္မာလမ်းရှိ ပြည်နယ်မိုးလုံလေလုံအားကစားခန်း၌ အမျိုးသားဘတ်စကက်ဘောပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို စက်တင်ဘာ ၁၉ ရက်က ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)