တောင်တွင်းကြီးမြို့နယ်၌ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ဆောင်ရွက်

တောင်တွင်းကြီး စက်တင်ဘာ ၁၉

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁ဝ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးမိုးမိုးမြင့်က မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မေသူမောင်မောင်က မသန်စွမ်းသူများဆိုရာတွင် ဉာဏ်ရည်ချွတ်ယွင်းနေသူများ၏ လက္ခဏာများ၊ အသိဉာဏ်ပိုင်း မသန်စွမ်းခြင်းဆိုင်ရာများ၊ လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး၊ မသန်စွမ်းအမျိုးအစားများ၊ မသန်စွမ်းသူများ၏အခွင့်အရေးများ၊ မသန်စွမ်းသူများအတွက် ပြဌာန်းထားသည့်ဥပဒေများ၊ မသန်စွမ်းသူများ၏ပညာရေးနှင့်ပတ်သက်ပြီး ဥပဒေပါအခွင့်အရေးများ၊ မြန်မာနိုင်ငံတွင်ရှိသည့် မသန်စွမ်းသူများ၏ ပညာတတ်မြောက်မှုနှုန်း၊ မသန်စွမ်းသူများ၏ အလုပ်အကိုင်ရရှိမှုများ၊ လူမှုဝန်ထမ်းဦးစီးဌာန၏ မသန်စွမ်းသူများ ပြုစုစောင့်ရှောက်ရေးလုပ်ငန်းနှင့် လုပ်ငန်းတာဝန်များအကြောင်းကို ဆွေးနွေးခဲ့သည်။

အဆိုပါဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းပြီး မသန်စွမ်းသူများအား ကူညီစောင့်ရှောက်နိုင်ရေးနှင့် မသန်စွမ်းသူများဆိုင်ရာ သိကောင်းစရာများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ပညာပေးဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)