မောက်မယ် စက်တင်ဘာ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ စာပေချစ်မြတ်နိုးသူများ အသင်း (Book Club) အဖွဲ့ဝင်များက “ကြီးပွားအောင်မြင် အောင်ပန်းကိုဆင်” စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နေ့လယ် ၁ နာရီက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက စာအုပ်တစ်အုပ်မှ ရရှိသော အသိပညာဗဟုသုတ အတွေးအမြင်များကို တစ်ဦးနှင့်တစ်ဦး မျှဝေနိုင်စေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုပိုမိုရရှိပြီး စာအုပ်စာပေကောင်းများကို လေ့လာတတ်စေရန်နှင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်ပြီး တက်ရောက်လာကြသော စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များက စာရေးဆရာမြင်းခြံကျော်အောင်(ခ)သန်းထက်စံ ရေးသားသည့်“ကြီးပွားအောင်မြင် အောင်ပန်းကိုဆင်” စာအုပ်မှ အစဉ်ရှင်သန်နေသောလူသားဖြစ်စေရန် ခေါင်းစဉ်ထဲမှ ဥစ္စာဖြင့်ကျော်စောခြင်း၊ အခြွေအရံဖြင့်ကျော်စောခြင်း၊ အသိအလိမ္မာဖြင့်ကျော်စောခြင်း၊ ပညာဖြင့် ကျော်စောခြင်း စသည့် ခေါင်းစဉ်များဖြင့် တစ်ဦးနှင့်တစ်ဦးအပြန်အလှန် ဖတ်ကြားဆွေးနွေးခဲ့ကြပြီးနောက် ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက စာအုပ်၏အနှစ်ချုပ်များကို ပြောကြားရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)