မိုင်းဖြတ် စက်တင်ဘာ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက နမ့်လန်းကျေးရွာ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးက သဘာဝဘေးအန္တရာယ်နှင့်ပတ်သတ်၍ သတိရှိနိုင်ရေး၊ မိုးလေဝသသတင်းများကို လေ့လာကြည့်ရှုနိုင်ရေးနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းမြတ်ရည်ဝင်းက သဘာဝဘေးနှင့်ကြုံတွေ့ပါက မိသားစုများလက်တလော သက်သာချောင်ချိရေးအတွက် ထောက်ပံ့ပေးသည့်နှုန်းထားများ၊ ရေကြီးရေလျှံမှုမဖြစ်ပေါ်ချိန်၊ ဖြစ်ပေါ်နေစဉ်၊ ဖြစ်ပေါ်ပြီးနောက် လိုက်နာရမည့်အချက်၊ ရှောင်ရှားရမည့်အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ကျေးရွာနေပြည်သူများက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ပြီး ရှမ်းဘာသာဖြင့်ထုတ်ဝေထားသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)